တစ်ကြိမ်အောင်မြင်ရင် ရပြီ....

3:37 PM Posted In Edit This 0 Comments »
ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။ "တစ်ကြိမ်အောင်မြင်ရင် ရပြီ" ၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင်အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှေ...ာက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။ ၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။ ၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။ ၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ မကြာခဏသဘောင်္မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။ ၁၈နှစ်အရွယ်မှာ သူအိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။ ၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။ ၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။ ၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ သူထိုးကြိတ်ခဲ့တယ်။ ၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။ ၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။ ၄ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။ ၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။ ၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။ ၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။ ၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာတစ်သောင်းပေးပြီး အပြီးဝယ်ယူဖို့ လုပ်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။ ၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။ ၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။ သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။ "လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။ မူရင်းရေးသားသူ... Wang Jin Yao http://en.wikipedia.org/wiki/Harland_Sanders နိုင်းနိုင်းစနေ (Thursday, July 23, 2009)

'ဘ၀..သင်ရိုးညွန်းတမ်း'

3:25 PM Posted In Edit This 0 Comments »
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .


ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
.............................. ............
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .


သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........


“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”


“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”



ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက် နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။


အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .


မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .


သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .


ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .



အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .


ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .


ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

၂၀၀၉ ခုနှစ် January တွင် အဖြူရောင်သံစဉ်

http://www.apytz.net/forum/showthread.php?t=5740&page=8

တွင် ဖော်ပြဖူးသည်ကို ပြန်လည်ခံစားလျှက်