“လောကနီတိ”

2:22 PM Posted In Edit This 0 Comments »
“လောကနီတိ”

လောကနီတိ၊ က၀ိစကား
မှတ်သားနာယူ၊ နှလုံးဖြူက
လူပုံအလယ်၊ တင့်တယ်ထွန်းတောက်
စိန်ကျောက်အလား၊ စီးပွားတိုးတက်
ဂုဏ်ကျက်သရေ၊ တက်ဖြိုးဝေလိမ့်
လေညာလေအောက်၊ ရနံ့ရောက်၍
ကြိုင်လှောက်မွှေးကြူ၊ ပန်းမဉ္ဇူသို့
သူသူငါငါ၊ ချီးမြှောက်ရာ၏
ခုခါနောင်ရေး၊ ရန်ဖယ်ဝေး၍
စိတ်အေးချမ်းသာ၊ ရိပ်ဆာယာဝယ်
ပညာသီလ၊ မြတ်ဓမ္မဖြင့်
ဘ၀ကိုသုံး၊ ချိန်မဖြုန်းမှ
မဆုံးတန်ဖိုး တိုးလိမ့်တကား။ ။
ဣန္ဒာဆွေ


Loka Niti

Loka Niti refers to words of the wise
If one notes them and acts as advised
With purity in one’s heart in essence
One will have elegence and brilliance
Among all, like a gem, enjoy prosperity
With rising personal honour and glory
Fame spreading all over far and near
Fragant as the fabulous celestial flower
One and all according praise in honour
Free from danger now also in future
With full peace of mind in the shelter
Imbibing truth, wisdom and right behaviour
Live one’s life without wasting time unelessly
Only then will one’s value rise unceasingly.
Aenda Swe



အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမျှ မအောက်မေ့ရာ၊
လေ့လာဆည်းပူး၍ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။
ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များသည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။
Never think of knowledge and wisdom as little.
Seek it and store it in the mind.
Note that ant-hills are built with small particles of dust and incessantly falling rain-drops, when collected, can fill a big pot.


နှုတ်မှု၊ လက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်း
ကျောင်း ပြုနိုင်ပေ၏။

Never think of arts and science as trivial.
When learnt completely, even one kind of profeciency can be used as livelihood.


စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသော အခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။
As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.


လိမ္မာယဉ်ကျေးမှုရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
Being cultured or not can be known by behaviour.
Being learned or not can be known by speech.


ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟုထင်မှတ်၍ မာန်တတ်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဖူးသော ဖားငယ်သည် တွင်းငယ်ရေကို များလှပြီဟု ထင်မှတ်သကဲ့သို့တည်း။
One with scanty knowledge tends to think a little learning a lot.
It is just as a puny frog, not having seen an ocean, thinks a little well of water a lot.


ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊ ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူရနံ့ထည့်၍ ထုံးမွှေးသနည်း။
သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
အမျိုးကောင်းသာ အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရမူလည်း မိမိဘာသာ ကြိုးစားအားထုတ်ရာ၏။
Who sharpens the thorne to be pointed? Who put eyedrops the deer’s eye to be shiny? Who put scent in the lily growing in mud to be fragrant?
Those may happen by nature.
The good descendents should themselves try without help.


အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား-
ထုံးမပါသောကွမ်း၊
ဆားမပါသောဟင်း၊
ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမောကြွား ၀တ်ဆင်ခြင်း၊
ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာ ဖွဲ့ဆိုခြင်းတို့ပေတည်း။
What causes unsavouriness are:-
A betel-quid without lime.
Curry without salt.
Dressing up flauntingly without wealth.
Composing verse without education.


အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်းအမှုတို့၌ နွားသည်လည်းကောင်း၊
လူသည်လည်းကောင်း ပြုတတ်ကြမြဲသာ ဖြစ်၏။

အတတ်ပညာသည်သာလျှင် နွားထက် လူကသာလွန်သောဂုဏ်ရည်ထူးပင် ဖြစ်ပေတော့သည်။
Man or cattle are capable of sleeping, eating or having sex.
Education is the quality where man excels.


နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ်ဖြစ်နိုင်၏။
သူမိုက်၏ သားပင်ဖြစ်လင့်ကစား ပညာရှိဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။
Even the son of low parent age can be the king’s counselor.
Even the son of the foolish can be a sage.
Even the son of a poor man can be rich.
So don’t be contemptuous of a man.


ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏။
Though jack fruits have thorns outside the taste is sweet.
So also are the hearts of the virtuous.


စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည်ကြိတ်စက်သို့ ရောက်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခ ဆင်းရဲသို့ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
Sandalwood does not lose its fragrance even when dry.
The great elephant does not shed its magnificence even on the battlefield.
Sugarcane does not lose its sweetness even when at the mill.
The wise and virtuous does not abandon virtue even when in trouble.


ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံတွေ့ရသော်လည်း မကောင်းမှု
ဒုစရိုက်ကို လက်မခံ၊ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။

Lions, though hungry will not eat grass.
The learned and virtuous, though faced with poverty will not accept badness but always upholds virtue.


စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
On the battlefield the brave are wanted.
In secret matters one who keeps his tongue is wanted.
At a feast, one loved is wanted.
In difficult and profound matters one learned is wanted.


သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
မသူတော်တို့၏ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။
Little as the wealth of the virtuous may be, it can be used as good water from a well.
But much as the wealth of the nonvirtuous can be not useful as water from the ocean.


မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟုဆိုအပ်၏။
မိမိမိုက်လျှက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish, may be said to be the foolish.


အိပ်မပျော်သောသူအတွက် ညဉ့်တာသည်ရှည်၏။
အားခင်ကုန်ခန်း ခရီးပန်းသူအတွက် တစ်ယူဇနာခရီးအကွာသည် ရှည်ဝေး၏။
သူတော်ကောင်းတရားကို မသိသော သူမိုက်တို့အတွက် သံသရာဝဋ်ဆင်းရဲသည် ရှည်၏။
The night is long to one who can’t sleep.
A stage (One Yojana distance) is long to a weary traveler.
To fools not knowning virtue, the Samsara (Circle of lives that full of pain and sufferings) is long.


စိတ်သဘောထား ယုတ်ညံ့သူသည် နှမ်းစေ့သဖွယ် သေးငယ်သော သူတစ်ပါး၏ အပြစ်ကို ရှုမြင်တတ်၏။
အုန်းသီးလောက်ကြီးမားသော ကိုယ့်အပြစ်ကိုမူ မရှုမြင်တတ်ချေ။
Evil-minded person notices others’ fault, which is as small as sesamum seed.
But he never sees his own fault which is as big as coconut.


သူမိုက်တို့၏ ချီးမွမ်းခြင်းသည် ဒဏ်ခတ်သည်မည်၏။
ပညာရှိတို့၏ ချီးမွမ်းခြင်းသာလျှင် ကောင်းစွာချီးမွမ်းသည်ဟု ဆိုအပ်၏။
The praise of the foolish amounts to punishment.
The praise of the wise is said to be well praised.


အခိုင်းအစေ ကောင်းမကောင်းကို စေခိုင်းကြည့်ခါမှ သိနိုင်၏။
ဆွေမျိုး ကောင်းမကောင်းကို ဘေးဒုက္ခ ကျရောက်ခါမှ သိနိုင်၏။
မိတ်ဆွေ ကောင်းမကောင်းကို ပစ္စည်းဥစ္စာနည်းပါး ဆုတ်ယုတ်ခါမှ သိနိုင်၏။
မယား ကောင်းမကောင်းကို စည်းစိမ်ကုန်ခါမှ သိနိုင်၏။
A servant can be known good or bad after being assigned a duty.
A relative can be known good or bad when one is in danger.
A friend can be known good or bad when property diminishes.
A wife can be known good or bad when wealth is exhausted.


မီးကိုလည်း အကြွင်းမထားရာ၊
ကြွေးမြီကိုလည်း အကြွင်းမထားရာ၊
ရောဂါကိုလည်း အကြွင်းမထားရာ၊
ထိုသည်တို့ကား အဖန်တလဲလဲ တိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။
Do not leave remnants of fire,
Do not leave remnants of debt,
Do not leave remnants of disease,
As those may increase many times no remnants should be left.


မိန်းမတို၏ဥစ္စာကား အဆင်းတည်း။
ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း။
ရဟန်းတို့၏ဥစ္စာကား သီလတည်း။
မင်းတို့၏ဥစ္စာကား ရဲမက်ဗိုလ်ပါတည်း။
Beauty is the wealth of woman.
Education is the wealth of man.
Self-restraint is the wealth of a monk.
Armed forces are the wealth of a king.


ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
One should praise meal after being digested.
One should praise wife after she is over age.
One should praise soldier after winning battle.
One should praise paddy after being harvest and stored I ware-house.


နှစ်လင်သုံးလင် ပြောင်းသောမိန်းမ၊
နှစ်ကျောင်းသုံးကျောင်း ပြောင်းသောရဟန်း၊
နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။
The woman, who changes two or three husbands,
The priest, who changes two or three monasteries,
The bird which escape from traps twice of thrice,-
They may have many deceits.


ငြင်းခုံတတ်သည့် အလေ့ရှိသော၊
ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊
မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊
များစွာချက်ပြုတ်၍ စားတတ်သော၊
လင်ယောက်ျားမစားမီ အဦးအဖျား စားတတ်သော၊
သူတစ်ပါး၏ အိမ်သို့ သွားနေတတ်သည့် အလေ့ရှိသော မိန်မမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏။
A woman who tends to be-
Quarrelsome,
Slights others,
Craves for all she sees,
Cooks and eats too much,
Has meals ahead of her husband
And visit others and stays there lond should be abandoned, even though
she could give birth to a hundred sons


အကြင်မိန်းမသည်-
စားမှုဝတ်မှုတို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့၌ နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊
အိပ်သောအခါ၌ မွေ့လျော်စေတတ်လျှင်၊
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊
အမျက်ထွက်သောအခါ၌ သည်းခံတတ်လျှင်၊
မိန်းမမြတ်ဟု ဆိုအပ်၏။
A woman who offers motherly treatment in meals and dresses,
Bashful like a sister,
Respectful like slave in serving the husband,
Offers counsel when in danger,
Gives comfort in bed,
Has propriety I dress and charm,
And forbearing in anger is said to be virtuous.


အကြင်အရပ်၌-
နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့၊
နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့၊
နှိမ့်ချသူမရှိ၊ အကြီးအမြတ်ဖြစ်လိုကြသူချည်းသာဖြစ်အံ့၊
ထိုသူတို့လုပ်သမျှ ကိစ္စအ၀၀သည် ပျက်စီးရတတ်၏။
A place,
Where there are no followers but all are leaders
Who want to act wise with no listener,
To be great with no one humble is bound to see the ruin of whatever is done.


မင်းအစိုးရမည်သည်-
တိုင်းပြည်၏ အခွန်အတုတ် ရမရ၊ မျိုးရိက္ခာပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏။
အမှုထမ်းများ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင် ပြုရာ၏။
နှိမ့်ချအရေးယူထိုက်သူများကို နှိမ့်ချအရေးယူ၍ ချီးမြှင့်မြှောက်စားထိုက်သူများကို ချီးမြှင့်မြှောက်စားရာ၏။
Government must be directly in the know-
If revenue is received or not and if seeds and food supplies are sufficient or not,
If those in service are dutiful or not,
If those on whom action must be taken is taken and those worthy of reward are reworded.


အင်အားကြီးမားသော အမိုက်ရန်အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏။
မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ဖွဲ့ချည်နိုင်စွမ်း သကဲ့သို့တည်း။
Strong, bad elements cannot be overcome single-handed but by united action.
A blade of a grass is unsubstantial, but many blades made into a rope can bring the strength to tie an elephant.


လေကွယ်ရာအရပ်၌ မီးတောက်သည် ကြီးထားမှုမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စာစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေးထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.


မိန်းမ၌ တပ်မက်လွန်ကြူးမူ သိက္ခာမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစား လွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက်ကြီးလွန်းမူ အရှက်မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful word.
The over-avariced has no shame.
The over-lazy has no education.


ပညာရှိတို့သဘောကား-
ကျရောက်လတ္တံ့သောဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
မျက်မှောက်ဒိဋ္ဌ ကြုံတွေ့ရသောဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်ပေ၏။
The nature of the wise-
Avoids imminent danger when he sees it.
Courageously unravels the danger that befalls.


မောဟဖိစီး အအိပ်ကြီးသူ၊
သတိယွင်းပေါ့ မေ့လျော့သူ၊
အချောင်ခို၍ သက်သာမှုကို နှစ်သက်လိုသူ၊
ရောဂါစွငြိ အနာရှိသူ၊
လုံ့လမရှိ ပျင်းရိသူ၊
လောဘသက်သက် အလိုရမ္မက်ကြီးသူ၊
အမှုကိစ္စကို လက်စမသတ် ပြီးပြတ်အောင် မလုပ်တတ်သူ၊
ဤခုနှစ်ဦးတို့သည်ကား စာပေကျမ်းဂန်နှင့် ကင်းဝေးကြကုန်ရာ၏။
Those fond of sleep,
Those absent-minded,
Those who shirk,
Those who are diseased,
Those who are lazy,
Those who are avaricious,
Those who leave work half done
Do not find their way to books (literature).

ဖတ်ဖို့

5:32 AM Posted In Edit This 0 Comments »
လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့
ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။
ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့
ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ...

ကိုယ့်ကိုယ်နှစ်သက်

ဒီနေ့မှာ မနေ့ကလောက် ကိုယ့်ကိုယ်ကို မနှစ်သက်နိုင်ခဲ့ရင် မနက်ဖြန်က
ကိုယ့်အတွက် ဘာအဓိပ္ပါယ်ရှိနိုင်မလဲ?

သံသယများသူ

တစ်ခါတလေမှာ လူတွေက သံသယများတတ်တယ်။ သံသယများတော့ ကိစ္စအသေးအမွှားတွေကအစ
စိတ်ထဲထည့်မိတတ်တယ်။ တခြားလူ ကိုယ့်ကိုပိုကြည့်ဖြစ်ရင် ကိုယ့်ကို
မနာလိုလို့၊ ရန်ရှာချင်လို့လို့ ကိုယ်ထင်တတ်တယ်။ တခြားလူ
ကိုယ့်ကိုမကြည့်ပြန်တော့ ကိုယ့်ကိုလျစ်လျူရှူထားတယ်လို့ ထင်မိပြန်တယ်။
သံသယများတဲ့လူရဲ့ နေ့စဉ်ဘဝက ပင်ပန်းလွန်းတယ်။ တခြားလူကြောင့်
စိတ်ခံစားချက်တွေ အလွယ်တကူ ဖြစ်တတ်လို့ဖြစ်တယ်။ သံသယများတဲ့လူက
တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်လို့ အရှုပ်အထွေးတွေကြားမှာ
ကိုယ့်စိတ်ကို ပိတ်မိနေတတ်တယ်။

ကိုယ်ဟာ သံလိုက်တစ်တုံး

ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား? ကိုယ့်စိတ်ပျော်ရွှင်တယ်၊
ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့
ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။ အဲဒီလိုပဲ
ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာမဆို ကိုယ်ကြည့်မရ ဖြစ်နေခဲ့ရင်
မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။ ကိုယ်ဟာ
သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ
ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။ ပျော်ရွှင်တဲ့ကိုယ်က ပျော်ရွှင်စရာ၊
ပျော်ရွှင်တဲ့ပတ်ဝန်းကျင်ကို ဆွဲငင်သလို စိတ်ရှုပ်ဝမ်းနည်းတဲ့ကိုယ်က
စိတ်ရှုပ်စရာပတ်ဝန်းကျင်ကို ဆွဲငင်မှာဖြစ်တယ်။ ကံကောင်းခြင်းနဲ့
ကံမကောင်းခြင်းကို ကိုယ်ဘယ်လိုစိတ်အစွမ်းနဲ့ ဆွဲငင်ယူမလဲ? ဒါဟာ
ကိုယ့်ယုံကြည်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

ဒီနေ့ စိတ်လန်းဆန်းရဲ့လား?

ဒီနေ့ သင့်စိတ်လန်းဆန်းရဲ့လား? သင်မဖြေပေမယ့် သင့်မျက်လုံးထဲမှာ
အဖြေတွေရှိနေတယ်။ ဒါကြောင့် လေးလံတဲ့ စိတ်ရှုပ်စရာကိုယ်ထည်ထဲမှာ
သင်ပုန်းအောင်းမနေပါနဲ့တော့။ "စိတ်ရှုပ်စရာ"ဆိုတဲ့ လူကို စိတ်ညစ်စေတဲ့အရာက
လူတွေးလို့ဖြစ်လာတာပါ။ မတွေးရင် အဲဒီအရာတွေက ရှိမှာမဟုတ်ပါဘူးဆိုတဲ့
စကားကို သင်ကြားဖူးပါသလား?

ကော်ဖီထွက်သောက်မယ်၊ အင်္ကျီထွက်ဝယ်မယ်၊ ဆံပင်ပုံပြောင်းမယ်၊
ရေခဲမုန့်ဝယ်စားမယ်၊ လမ်းထွက်လျှောက်မယ်၊ ရုပ်ရှင်ကြည့်မယ်၊
သူငယ်ချင်းဟောင်းဆီ အလည်သွားပြီး အရင်က ပျော်စရာအကြောင်းတွေကို ပြောမယ်။
ညအချိန် ကြယ်လေးတွေကို ရေတွက်မယ်... ကိုယ့်စိတ်ကို လန်းဆန်းစေတဲ့နည်းက
များလွန်းပါတယ်။ လေးလံတဲ့စိတ်ရှုပ်စရာ အခွံထဲနေရတာ ပိုကောင်းတယ်လို့
သင်မထင်ခဲ့ရင်ပေါ့...

သိပ်ဂရုမစိုက်နဲ့

သူ့ရုပ်ကို ကိုယ်ကြည့်မရသလို ကိုယ့်ပုံစံကိုလည်း သူမျက်စိစူးရင်
စူးနေလိမ့်မယ်။ သူ့ဝတ်စားဆင်ယင်ပုံကို ကိုယ်မနှစ်သက်သလို
ကိုယ့်ဆံပင်ပုံစံကိုလည်း သူကြိုက်ချင်မှကြိုက်လိမ့်မယ်။ သူ့မှာ
သူ့ဆိုးကျိုးရှိသလို ကိုယ်လည်း ခြောက်ပစ်မကင်းပါဘူး။ ဒီလောကကြီးမှာ
လုံးဝပြည့်စုံတဲ့လူ မရှိသလို ရာနှုန်းပြည့်
ကိုယ့်နဲ့လိုက်လျောညီထွေမယ့်လူ
လည်း ရှားပါတယ်။ တခြားလူနှစ်သက်လာအောင်
ကိုယ့်ကိုယ်ကိုလည်း ဖိနှိမ်ထားစရာ မလိုသလို လူရှေ့ထွက်ပြီး
ခေါင်းမော့ရင်ကော့ပြစရာလည်း မလိုပါဘူး။ မသက်ဆိုင်တဲ့လူတွေအပေါ်
ကိုယ့်အချိန်ကိုဖြုန်းမှာထက် ကိုယ့်အတွက်အကျိုးရှိတဲ့ အလုပ်လုပ်ရတာက
ပိုမြတ်ပါတယ်။

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အချိန်က ကြိုးမငြိထားတဲ့ ဂီတာတစ်လက်နဲ့တူတယ်။ တီးလိုက်တာနဲ့
နားစူးပြီး နားဝင်မချိုတဲ့သံစဉ်တွေ ထွက်လာတတ်တယ်။ ချက်ချင်းဖြေရှင်းမရတဲ့
ကိစ္စတစ်ခုကြောင့် စိတ်ရှုပ်နေသလား? ဒါမှမဟုတ် မဖြစ်လာသေးတဲ့ကိစ္စကို
ကြိုတွေးပြီး စိတ်ပူနေသလား? ဒီလိုစိတ်ရှုပ်စရာကို ကိုယ်မနှစ်သက်ပေမယ့်
စိတ်ရှုပ်စရာအတွေးတွေက ကိုယ့်ခေါင်းထဲအလိုလို ရောက်လာနေခဲ့တယ်။
ဒီလိုအချိန်မှာ ကိုယ့်စိတ်တွေ ပိုရှုပ်ထွေးပြီး ရင်ဆိုင်ဖို့အင်အားတွေ
ကုန်ဆုံးကုန်တယ်။ စိတ်ရှုပ်တဲ့အခါ အခက်အခဲ၊ ပြဿနာတွေက
ကိုယ်တွေးထင်ထားသလောက် ဆိုးဝါးလိမ့်မှာမဟုတ်ဘူးဆိုတာကိ
ု ယုံကြည်ပါ။
များသောအားဖြင့် လူတွေမှာ ကိုယ့်ကိုယ်ကို ချောက်လန့်တတ်တဲ့အကျင့်ရှိတယ်။
ဒါနဲ့ပဲ အချိန်ကုန် လူပိုပန်းရတယ်။ စိတ်ရှုပ်တဲ့အခါ ကိုယ်ရောစိတ်ပါ
နစ်ဝင်နိုင်တဲ့ အရာတစ်ခုကိုရှာပြီး လုပ်ကြည့်ပါ။ တံမြက်စည်းလှည်းပါ၊
မှန်ပြတင်းတွေသုတ်ပါ။ ပုံထားတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောပါ။
အပြင်ကအရာတွေကို လှည်းကျင်းသန့်ရှင်းနေတဲ့အချိန် ကိုယ့်စိတ်ထဲက
စိတ်ရှုပ်စရာတွေကိုလည်း ကိုယ်လှည်းကျင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

တွင်းထဲကဖား မဖြစ်စေနဲ့

တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့သလား?
ဒီကောင်းကင် နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီလို့ထင်ပြီး
မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား?
တကယ်တော့ တွင်းဝပတ်လည်ကို ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး
တွင်းဝလောက်ပဲကျယ်တဲ့ ကောင်းကင်က ကိုယ့်အတွေးကို လွှမ်းမိုးသွားတာဖြစ်တယ်။
လောကကြီးက အဆုံးသတ်အနား မရှိဘူးဆိုတာကို ကိုယ်မေ့သွားလို့ဖြစ်တယ်။
ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ကြီးမားတဲ့
ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်းဖြစ်တယ်။
ဒီလိုအဖြစ်မျိုး ကိုယ်ကြုံရတဲ့အခါ ကိုယ်ဟာ တွင်းထဲကဖားတစ်ကောင်အဖြစ်ကို
ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။ စွတ်စိုမှောင်မိုက်တဲ့
တွင်းအောက်ထဲမှာနေပြီး ကိုယ့်ရဲ့နာကျင်မှုကိုပဲ တွေ့ခဲ့တယ်။
ဒီလိုအချိန်မျိုးမှာ တွင်းပေါ်ကို အားယူခုန်တက်ပြီး နာကျင်မှုထဲကနေ
လွတ်အောင်ရုန်းထွက်နိုင်ရမယ်။ နေရောင်ဖြန့်ကျက်ထားတဲ့ မိုးကောင်းကင်ကြီးက
တွင်းဝကမိုးကောင်းကင်ထက် ကြီးမားကျယ်ပြန့်ကြောင်း ကိုယ်ရှာဖွေမိလိမ့်မယ်။

ခံစားချက်မိုးရေတွေ ရွာချပါ

မြင့်မားတဲ့ တိမ်တိုက်ထဲကနေ ရေစက်တွေတစ်ပြိုက်ပြိုက်ကျပြီး
နွေရဲ့ဖုန်တွေကို ဆေးကြောတဲ့ မိုးဦးရာသီကိုရောက်တဲ့အခါ
ကိုယ့်ရဲ့ခံစားချက်တွေလည်း စွတ်စိုတဲ့ရာသီကြောင့် မျက်ရည်စို့ခဲ့ရရင်
တစ်ခါလောက် အားပါးတရငိုကြွေးလိုက်ပါ။ ရယ်မောခြင်းက ဘာအကြောင်းပြချက်မှ
မလိုသလို ငိုကြွေးခြင်းမှာလည်း ဆင်ခြေတွေမလိုခဲ့ပါဘူး။ ရယ်မောဖို့
လူတွေထောက်ခံအားပေးပေမယ့် ငိုကြွေးဖို့ကိုတော့ လူတွေအားမပေးကြဘူး။
ဒါပေမယ့် မငိုကြွေးဖူးတဲ့လူက မိုးမရွာဖူးတဲ့ကောင်းကင်လို
ညိုးနွမ်းခြောက်သွေ့နေတဲ့ ခံစားချက်တွေကိုပဲ ထိန်းချုပ်ထားရတယ်။
သွက်လက်ဖျတ်လတ်တဲ့ ရေစုံရေမွှားတွေကို မတွေ့ရဘူး။ ဒါကြောင့် ငိုချင်ရင်
တစ်ကြိမ်တစ်ခါလောက် အားရပါးရငိုပြီး ညိုးနွမ်းခြောက်သွေ့နေတဲ့
ခံစားချက်ဖုန်တွေကို ဆေးကြောပစ်လိုက်ပါ။ မိုးရွာပြီးနောက်
လောကတစ်ခွင်လုံး လန်းဆန်းသွားသလို ငိုကြွေးပြီးနောက်
စိတ်တွေပေါ့ပါးသွားပါလိမ့်မယ်။

ကံအတိုင်းလျှောက်

ကလေးဘဝတုန်းက တခြားကလေးတွေကို "ကြည့်..... ငါ့မှာရှိတာ နင်မရှိဘူး"
ဆိုပြီး ကိုယ်ကြွားဖူးကောင်း ကြွားဖူးလိမ့်မယ်။ ကိုယ့်မှာရှိတဲ့အရာက
လေတံခွန်၊ အရုပ်မလေး ဒါမှမဟုတ် ရောင်စုံခဲတံဖြစ်မယ်။

ကြီးပြင်းလာတဲ့အချိန် တခြားလူတွေကို "ဟင်း.. သူ့မှာရှိတာ ငါမရှိဘူး"
ဆိုပြီး ကိုယ်အားကျဖူးကောင်း အားကျလိမ့်မယ်။ သူတို့မှာရှိတဲ့အရာက
အလုပ်ကောင်း၊ ဖြောင့်ဖြူးတဲ့ချစ်ခရီးလမ်း ဒါမှမဟုတ်
ပျော်ရွှင်ဖွယ်ရာဘဝဖြစ်မယ်။

ကလေးဘဝ ကြွားဝါတာက အပြစ်မဲ့တယ်။ လူကြီးဘဝ အားကျတာက ကလေးဆန်တယ်။ တကယ်တော့
ကိုယ့်မှာရှိတဲ့ အဖိုးတန်အရာတွေ တခြားလူမှာမရှိနိုင်ဘူး။ ဥပမာ--
ခိုင်မာတဲ့ကိုယ့်ရဲ့ သွားတွေ၊ ပျော့ပျောင်းတဲ့အရာကို
တခြားလူစားနေချိန်မှာ မာတဲ့အရာကို ကိုယ်ကိုက်နိုင်တယ်။ ပြီးတော့
သွယ်လျတဲ့ ကိုယ့်လက်ချောင်းတွေ၊ တခြားလူ ပုလွေမှုတ်နေချိန်မှာ
ကိုယ်ကသွယ်လျတဲ့လက်နဲ့ စန္ဒားယားတီးနိုင်တယ်။ အဲဒီလိုပဲ သူတစ်ပါးကို
ကိုယ်အားကျနေချိန် တစ်ပါးသူကလည်း ကိုယ့်ကိုပြန်အားကျနေလိမ့်မယ်။
လောကကြီးမှာရှိတဲ့လူတွေက သူ့အရည်အချင်းနဲ့သူ ရပ်တည်နေကြပါတယ်။ ဘယ်သူကမှ
ဘယ်သူ့ထက် ကံပိုမကောင်းသလို ဘယ်သူထက်လည်း ပိုထူးခြားနေမှာမဟုတ်ဘူး။

လူ့ဘဝက ကံတရားအတိုင်း သွားနေပါတယ်။ ဒါကြောင့် ရယူပိုင်ဆိုင်တိုင်း
အရမ်းဝမ်းသာစရာ မလိုပါဘူး။ ပိုင်ဆိုင်ပြီးနောက် ဆုံးရှုံးဖို့ဆိုတာ
ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ မရှိလို့လည်း ဝမ်းနည်းစရာ မလိုပါဘူး။
မရှိမှ ရယူနိုင်မယ့်အခွင့်အရေးတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ ရယူတာနဲ့
ဆုံးရှုံးတဲ့ကြားထဲမှာ အကောင်းအဆိုးဆိုတာ မရှိပါဘူး။ အရာအားလုံးက
ကံစီမံရာအတိုင်း သွားနေလို့ဖြစ်တယ်။ ဒါကြောင့် စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့
အရာရာကို မြင်တတ်အောင်ကြိုးစားပါ။ ဒါဟာ ကိုယ်တကယ်ကြီးပြင်းခဲ့ကြောင်း
သက်သေပြနေတာပါပဲ။

ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ်

11:15 AM Posted In Edit This 0 Comments »

Go to fullsize image

ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။လောကမှာတခါတခါ
ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့ဖြစ်မလာလို့ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့်
ဒါကတချိန်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေတာလက်တွေ့တွေအများကြီးပါ..

..............................
...............
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။
ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ
အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့
ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ
အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။ "ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော်
ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို
အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့
သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။
ဒါဆိုအပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင်
အသက်ခံရမှာတော့ မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ
အကောင်းတွေဆိုပြီးဆုတ်ကိုင်ထား
တဲ့ အရာတွေဟာ ကံကြမ္မာ
အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။ အဆိုးတွေ
ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့
စခန်းသွင်းလေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့
အဲ့ဒီလောက်ကြီးမဆိုးရွားဘူးဆို
တာ သိလာပါလိမ့်မယ်။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး
ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။အေ
ကာင်းဆုံးလက်ဆောင် ( Good Present! )

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန်
တကယ်လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ
မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး
ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့
သူတို့ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။kozaw