5:40 AM
Posted In
Social section
Edit This
တိတ်ဆိတ်ခြင်းကို ရွေးပါ
တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို
မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက
လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို
ကိုယ့်ဒုက္ခတွေ ကြော်ညာစရာမလိုဘူးလို့ သင်ထင်တယ်။
တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။
ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ
တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။
သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို
နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ
စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ
ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။
တည်ငြိမ်ခြင်းကို ရွေးပါ
လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန်
သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့
အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ
မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။
ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ
မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်ရဲ့
ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ
ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။
အတိတ်ထဲမှာ တဝဲမလည်ပါနဲ့
လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့
ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ နေ့တိုင်းစားတဲ့ အစားအစာကို
ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊
အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို
သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ
သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။
"တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ
မဟုတ်ဘူး"လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ
အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။
ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ
လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း
မှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။
ရိုးရှင်းတာကို လက်ကိုင်ထားပါ
စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ
သင် အသက်ရှင်နေထိုင်နေပေမယ့် အတိတ်ကို သင်တမ်းတနေတတ်တယ်။ ဒါမှမဟုတ်
အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို
ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။
ရှုပ်ထွေးပွေလီစေတယ်။
ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ-- ရာသီဥတုအပြောင်းအလွဲကို
အရေပြားနဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။ မိုးရွာပြီးစ မြက်ရနံ့တွေကို
နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို
ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။
ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။
ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင်
စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။
အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို
လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။
ခံစားချက်ကို အလဟသမဖြုန်းနဲ့
သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း
သင်ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက
သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ
သင်ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ
သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။
စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။
သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ်။
ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး
ဖြုန်းတီးမှုဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင်
ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ
ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင်
"ခံစားချက်ကို အလဟသမဖြုန်းနဲ့" လို့ ညင်ညင်သာသာ သတိပေးပါ။
အချိန်ကောင်းကို ဖမ်းဆုပ်ပါ
သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း
သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန်
အင်္ကျီဟာ ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ
သင်ထည့်ထားမိတယ် ဆိုပါစို့။ ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန်
ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့
ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာ မလုပ်လိုက်ရတဲ့ အလုပ် ... ဒါတွေဟာ
ဝမ်းနည်းခြင်းတွေဖြစ်တယ်။
ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင်
အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး
အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့ အင်္ကျီလို၊
မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ
ကျန်ခဲ့လိမ့်မယ်။
သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဘာပူဆွေး ဝမ်းနည်းစရာမှ
ချန်မထားခဲ့ပါနဲ့။
2:37 AM
Posted In
Sport Section
Edit This
နည်းပြ ဟော့ဆန် ကိုင်တွယ်တဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းတက် ဘလက်ပူးလ်ကို ၂း၁ နဲ့ ရှုံးနိမ့်ပြီး နောက်ဆုံး ၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေး ဇယား အောက်ဆုံး တန်းဆင်းဇုန် အဆင့် ၁၈ ကို ရောက်သွားပြီတဲ့။ နားရှိလို့သာ ကြားရပြီး မြင်လိုက်ရတဲ့ ဒီအဖြစ်အပျက်ကို တော်တော်လေး အံ့သြခဲ့ရပါတယ်။ ဘယ်လို ငြင်းနေပါစေဦး...အခုဆိုရင် ဘလက်ပူးလ်က ချာလီအဒမ် နဲ့ ဗာနေးလ် ဆိုတဲ့ ပလေယာတွေကတော့ အန်းဖီးလ် ကွင်းမှာ လီဗာပူး ပရိသတ်တွေရဲ့ အသည်းကို ဆားနဲ့ပက်ပြီး ခွဲသွားခဲ့ပါပြီ။ သြော်... လီဗာပူး...လီဗာပူး။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အနှစ်ခြိုက်ဆုံး အသင်း ဖြစ်သလို ဥရောပ (ချန်ပီယံလိဂ်) မှာ ရီးရဲလ်၊ ဂျူဗင်တပ် ပြီးရင် အတောက်ပဆုံး စံချိန်တွေနဲ့ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့တဲ့ အသင်းကြီးပါ။ အခုတော့ တစ်ခါက ပြိုင်ဘက်တွေ လေးစားခဲ့ရတဲ့ လီဗာပူးဟာ တန်းတက် အသင်းရဲ့ ပမာမခန့် ပြုတာကို အိမ်ကွင်း ပရိသတ်တွေ အကြားမှာ ခံခဲ့ရတဲ့ဘ၀ ရောက်နေပါပြီ။
ကျွန်တော်တို့လို အားပေးသူတွေတောင် ဒီလောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေရင် ဘလက်ပူးလ်နဲ့ ပွဲအပြီး လီဗာပူးအသင်းရဲ့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေလည်း ပွက်လော ရိုက်နေမှာဖြစ်သလို ကြိုးကြာတို့ရဲ့ ဒီရာသီ ပဲ့ကိုင် ဆရာ အသစ်စက်စက်ကြီး နည်းပြ ဟော့ဆန် ဟာလည်း ဒီလို အခြေအနေကြောင့် အခုလောက်ဆို အတော် မျက်နှာ ပူနေမှာ သေချာ ပါတယ်။ ပူလည်း ပူလောက် ပါတယ်လေ...ဘာကြောင့်လဲ ဆိုတော့ သူရောက်လို့မှ မကြာသေးဘူး။ လီဗာပူးဟာ ကားလင်း ဖလားကို အိမ်ကွင်းမှာ အသင်းငယ်လေး နော်တင်ပ်တန် အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့် ခဲ့မှုကြောင့် ဒီရာသီမှာ ဦးဦးဖျားဖျား လက်လွှတ် ခဲ့ရတာကိုး။ လီဗာပူး အသင်းဟာ မနှစ်က ပရီးမီးယား အမှတ်ပေး ဇယား အဆင့် ၇ ရခဲ့လို့ ဖလား မပြောနဲ့...ချန်ပီယံလိဂ် ၀င်ခွင့်တောင် မရခဲ့ပါဘူး။ အဲဒီတုန်းက ဘင်နီတက်ဇ် ရှိပါ သေးတယ်။ သူဟာ လီဗာပူး အသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၄ နှစ် အတွင်းမှာတော့ အသင်းအတွက် ဘာဆုဖလားမှ မရခဲ့ပါဘူး။ အသင်းပိုင်ရှင် ဖြစ်သူ အမေရိကန် လူမျိုး နိုင်ငံသားတွေ ဖြစ်တဲ့ တွမ်ဟင့်စ် နဲ့ ဂျီလတ်တို့ရဲ့ မမှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် လီဗာပူးဟာ ဘဏ္ဍာရေး အဆင်မပြေ ဖြစ်လာပါတယ်။ ဒီလို အဆင်မပြေ ဖြစ်တာကို အသင်းပိုင်ရှင် အမေရိကန်သားတွေက ဖြေရှင်းဖို့ဆိုပြီး ဟိုကနေ ငွေချေး၊ ဒီကနေ ငွေယူနဲ့ လုပ်ခဲ့ကြတာ လီဗာပူး အသင်းဟာ အခုဆိုရင် အကြွေးတွေနဲ့ နင့်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတ်မှတ် ကာလ အတွင်း အကျေ မဆပ်နိုင်ရင် ဒေ၀ါလီ ခံရမယ့် အနေအထားတောင် ဖြစ်သွားနိုင်ပါတယ်။
ဒီရာသီ မတိုင်ခင်မှာ လီဗာပူးကို ကယ်တင်ဖို့ ဟောင်ကောင်သူဌေး ကင်နီဟောင် ရောက်လာပေမယ့် ပိုင်ရှင်ဖြစ်သူ တွမ်ဟင့်တို့က ငြင်းလွှတ် ခဲ့တာကြောင့် အဆင်မပြေ တော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ လီဗာပူး အသင်းဟာ မနှစ်က ဖူလ်ဟမ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ရောက်ခဲ့တဲ့ နည်းပြ ဟော့ဆန်ကို ခန့်အပ် ပြီးတော့ ဂျိုကိုးလ်၊ မီလန်ဂျိုဗစ် စတဲ့ ပလေယာ တွေ ခေါ်ယူခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ ကတော့ လွန်ခဲ့တဲ့ ၁ နှစ် အတွင်းမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ခဲ့ရတဲ့ လီဗာပူး အဆင်ပြေပြီလို့ တွက်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ ပါဘူး။ ဒီရာသီ ပရီးမီးယား အဖွင့်ပွဲ အိမ်ကွင်းမှာ လီဗာပူးဟာ အာဆင်နယ်ကို တစ်ဖက် ၁ ဂိုးစီ သရေ ကျခဲ့ပါတယ်။ အဲဒီ တုန်းကတော့ စာရေးသူရဲ့ စိတ်ထဲမှာ အေးလ...သူတို့ အခုလို အစောကြီး ပွဲကျပ် ကစားရတာ ဘယ်အဆင်ပြေပါ့မလဲ ဆိုပြီး ဖြေသိမ့် ခဲ့ရပေမယ့် မန်စီးတီးကို အဝေးကွင်းမှာ ၃းဝ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က စလို့ လီဗာပူး အသင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ် အထိ ဘယ်လိုမှကို နားလည်လို့ မရတော့တာပါ။ ဒီကြားထဲ ကားလင်း ဖလားကိုပဲ လက်လွှတ် လိုက်ရပြီ ဆိုတော့ ပိုဆိုးပြီပေါ့။
လီဗာပူး အသင်းရဲ့ ဒီလို ရလဒ်တွေဟာ မနှစ်ကတည်းက အသင်း ပြောင်းမယ် တကဲကဲ ဖြစ်နေကြတဲ့ သူတို့ဆီက ပလေယာ ၂ ဦး ဖြစ်တဲ့ ဂျရတ်နဲ့ တောရက်စ် တို့အတွက် ပိုလို့တောင် အသင်း ပြောင်းချင် ကြမှာပါ။ ဒီရာသီ မတိုင်ခင် ဈေးကွက်မှာ လီဗာပူး အသင်းဟာ အဓိက ကွင်းလယ်အဖျက် ပလေယာ မာရှေယာနိုကို ဘာစီလိုနာ အသင်းဆီ ရောင်းပစ်လိုက်တာဟာ မဟာ အမှားပါ။ လီဗာပူး အတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ သူတို့ရဲ့ အရင်နှစ်တွေက ဂိုးသွင်းစက်လို ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး တောရက်စ်ဟာ ဒီနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ရခဲ့တဲ့ ဒဏ်ရာ ကစလို့ ယုံကြည်မှုတွေ ပျောက်နေပြီး ကြံ့ခိုင်မှု ကလည်း မပြည့်ဝ တော့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်း အတွက် တစ်ဂိုးပဲ သွင်းနိုင်တဲ့ အခြေအနေမျိုး ရောက်သွား တာပါပဲ။
လီဗာပူး အသင်းဟာ မနှစ်က အမှတ်ပေးဇယား အဆင့် ၇ ရလို့ ဒီနှစ် ရာသီမှာ ကစားခွင့် ရတဲ့ ယူရိုပါလိဂ် အနေအထားကိုတော့ မဆိုးဘူး ဆိုပေမယ့် သေချာပေါက် စိတ်ချယုံကြည်ရတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် ဟာ အခုမှ ၇ ပွဲပဲ ကစားရသေးပြီး ၃၁ ပွဲတိတိ ကျန်ပါ သေးတယ်။ ဒါကြောင့် ဒီလို အချိန်မှာ တန်းဆင်း ဇုန်ထဲ ရောက်နေတဲ့ လီဗာပူးအတွက် လက်ကျန် ပွဲတွေကို ဖြေးဖြေးနဲ့ မှန်မှန် အခြေအနေကာင်းအောင် ကြိုးစားဖို့ လိုသလို လက်ရှိ အချိန်မှာ ဖိအားတွေအောက် ပြားပြား မှောက်နေရတဲ့ လီဗာပူး နည်းပြ ဟော့ဆန် ဟာလည်း အထူး ကြိုးစားဖို့ လိုလာ ပါပြီ။ ဒီလိုမှ မဟုတ်ရင် ဒီရာသီ အတွက် ပထမဆုံး ထုတ်ပယ် ခံရတဲ့ နည်းပြဟာ သူ ဖြစ်သွား နိုင်ပါတယ်။
ဒီရာသီမှာ အခုလို အခြေအနေ ဆိုးနေတဲ့ လီဗာပူး အတွက်တော့ ဒါဟာ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း ရှားရှားပါးပါး ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် လီဗာပူး အသင်းမှာ နည်းပြ ဟော့ဆန်ကို ယခင် ကစားသမားဟောင်း လက်ရှိ အကြံပေး အရာရှိ ကင်နီဒယ်လ်ဂလစ်ရှ် နဲ့ အစားထိုးမယ် ဆိုတဲ့ သတင်းတွေ သိပ်ကို ပျံ့နှံ့နေပါပြီ။ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၈ မှာ ရှိတဲ့ လီဗာပူး အသင်းရဲ့ အောက်မှာ ဆိုရင်တော့ ၀ုလ်ဖ် နဲ့ ၀က်စ်ဟမ်း ပဲ ရှိပါတော့တယ်။ ဒီနှစ်သင်း ဟာလည်း ရမှတ် ၅ မှတ်စီ ရထားတဲ့ အတွက် ရမှတ် ၆ မှတ် ရထားတဲ့ လီဗာပူး အတွက် ပြေးနိုင်မှ လွတ်မယ် ဆိုတဲ့ ပုံစံ ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့အတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ အမှားခံလို့ မရတော့သလို သရေ / အရှုံး နဲ့လည်း မလုံလောက်တော့ပါဘူး။
2:04 AM
Posted In
Social section
Edit This
နုပျိုတဲ့ဇနီးမောင်နှံနှစ်ဦး အသစ်ပြောင်းလာတဲ့ အိမ်ခန်းထဲမှာ ပရိဘောဂတွေ
နေရာချရင်း ငြင်းခုန်နေကြတယ်။ ကောင်မလေး စွာသမျှ ကောင်လေးက တင်းခံတယ်။
တအောင့်နေတော့ နှစ်ယောက်စလုံး ဘာမှမလုပ်နိုင်၊ မပြောနိုင်ဘဲ
ငြင်းခုန်တာနဲ့တင် လက်ပန်းကျကုန်ကြတယ်။ မိနစ်အနည်းငယ်ကြာတော့
အနှိမ်ခံရတဲ့ ကောင်လေးက စကားစတယ်။
"မိန်းမရယ်.... နင်ပြောသမျှ မှန်တယ်ထားဦး
ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?"
"ငါ့ကိုအနိုင်လိုချင်တဲ့စိတ်နဲ့ပဲ လှပတဲ့ဒီညကို နင်အကျည်းတန်စေတော့မလား?"
ကောင်လေးပြောတဲ့စကားက တိုတိုလေးပါ။ ဒါပေမယ့် "အနိုင်"လိုချင်သူကို
တွေးစရာတွေ အများကြီးပေးလိုက်တယ်။
"တချို့အချိန်မှာ မင်းအနိုင်ရတယ်ဆိုပေမယ့် မင်းရှုံးနေပါပြီ" ဒီစကားကို
ကျွန်တော်အရမ်းနှစ်သက်မိတယ်။
တကယ်လည်း တချို့အချိန်မှာ ကျွန်တော်တို့ အနိုင်ရလိုက်တယ်ဆိုပေမယ့်
ခံစားမှုအပိုင်းမှာ ကျွန်တော်တို့ ရှုံးသွားတယ်။ ငြင်းခုန်တဲ့နေရာမှာ
ကျွန်တော်တို့နိုင်လိုက်တယ်ဆိုပေမယ့် ဟန်ပန်အမှုအရာမှာ
ကျွန်တော်တို့ရှုံးသွားတယ်။ တစ်ဘက်လူကို
အနိုင်နဲ့ပိုင်းလိုက်နိုင်တယ်ဆိုပေမယ့် ခင်မင်မှုမှာ
ကျွန်တော်တို့ရှုံးသွားတယ်။
တစ်ခါတလေ နိုင်တယ်လို့ ကျွန်တော်တို့ထင်ထားတာတွေက တကယ်တမ်းတော့
ရှုံးနေတာတွေဖြစ်တယ်။ လူတစ်ယောက် သို့မဟုတ် ပြဿနာတစ်ခုကို
ဖြေရှင်းချိန်မှာ "အကျိုးအကြောင်း" ရှိရမယ်။ မျက်ထောင့်နီကြီးနဲ့
လည်ပင်းရိုးတွေထောင်တဲ့အထိ ကျွန်တော်တို့ "အားပြိုင်" နေဖို့မလိုဘူး။
"ညှာတာ၊ သင့်မြတ်"တဲ့အပြုအမှုက "ကြမ်းတမ်း၊ သန်မာ"တဲ့ အပြုအမှုထက် လူတွေလက်ခံကြတယ်။
လောကကြီးမှာ လူ(၄)မျိုးရှိတယ်။
ပထမလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား
မပြည့်ဝသူဖြစ်တယ်။
ဒုတိယလူက ကိုယ်ပိုင်ဟန် မရှိသူ၊ ဆင်ခြေတုံတရား နည်းပါးသူ၊ စိတ်သဘောထား
ပြည့်ဝသူဖြစ်တယ်။
တတိယလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားလည်းရှိတယ်၊ ဒါပေမယ့်
"တဇွတ်ထိုး"လုပ်တတ်သူဖြစ်တယ်။
စတုတ္ထလူက ကိုယ်ပိုင်ဟန်ရှိတယ်၊ ဆင်ခြေတုံတရားရှိတယ်၊ ညင်ညင်သာသာ
ပြုမှုပြောဆိုတတ်တယ်။
ပထမလူမျိုးက ဘာမှမပိုင်ဆိုင်တဲ့ "သနားစရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
ဒုတိယလူမျိုးက ကိုယ်ပိုင်ဟန်မရှိတဲ့ "မဆင်မခြင်" ပုဂ္ဂိုလ်ဖြစ်တယ်။
တတိယလူမျိုးက လူလူချင်းပေါင်းသင်းဆက်ဆံတဲ့ အနုပညာကိုမသိတဲ့
"စက်ရုပ်"ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးက အိန်လ်ဂျယ်နဲ့တူတဲ့ "ချစ်စရာ" ပုဂ္ဂိုလ်ဖြစ်တယ်။
စတုတ္ထလူမျိုးကသာ လောကကြီးကို တကယ့်အောင်နိုင်သူဖြစ်တယ်။
6:01 PM
Posted In
Social section
Edit This
တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက
ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့
ကျွန်တော်ဆိုချင်ပါတယ်။
ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ
ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင်
အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။
နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။
အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့
လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို
ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို
အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ
တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။
ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက
ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို
နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့
ကောင်မလေးကဆိုတယ်။
စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။
ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့
သူမြင်လာတယ်။
"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ..
မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။
"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့
ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊
လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက
တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊
ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။
ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်
ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ
အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ
ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။
အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။
သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို
ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက်
သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ
သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို
ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။
ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။
"နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်"
ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့
မင်းသမီးကပြောပါတယ်။
သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ်
သည်းခံစိတ်ပျောက်ခဲ့သလဲ? စိတ်တိုဒေါသထွက်ခဲ့သလဲ? များသောအားဖြင့် အဖြေက
ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ
ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို
လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက
အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ!
ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ
ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့်
တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။
နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လို
မာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။
မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ
ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ
စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊
သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို
ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။
သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ
အမှိုက်သွန်ဖို့အရေးကို မလှုံဆော်နိုင်ခဲ့ဘူး။
ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို
သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ"
လို့ သူ့ကို အကြံပေးခဲ့တယ်။
ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။
အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား
တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။
"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား? သွန်ပေးနိုင်ရင်
ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"
အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို
ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။
"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ!"
အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာဆူပုပ်တဲ့
အပြုအမှုတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ
ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ
အရာရာကို အကောင်းဘက် ပြောင်းလဲစေပါတယ်။
လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို
ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ
ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ
ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို
ခွင့်လွတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို
တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို
သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်တယ်။
5:52 PM
Posted In
Social section
Edit This
ဟိုရှေးရှေးတုန်းက လောကကြီးတစ်ခုလုံးကို ပိုင်စိုးထားတဲ့
ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးဟာ အရာရာကို ပိုင်ဆိုင်ထားသည့်တိုင်
အလိုဆန္ဒမပြည့်ဝခဲ့ဘူး၊ မပျော်ရွှင်ခဲ့ဘူး။ ပျော်ရွှင်ပွဲတွေ၊ ညစာစားပွဲတွေ
ကျင်းပခဲ့လည်း သူ့ဘ၀ဟာ ဘာဖြစ်လို့ မပျော်ရွှင်မှန်း၊ အလိုမကျမှန်း
ဘုရင်ကြီးလည်း စိတ်ရှုပ်နေခဲ့တယ်။
တစ်နေ့မှာ ဘုရင်ကြီးဟာ မနက်စောစောထိပြီး နန်းတော်ထဲ
လှည့်ပတ်ကြည့်ရှုခဲ့တယ်။ စားဖိုဆောင်အရောက်မှာ ပျော်ပျော်ရွှင်ရွှင်
သီချင်းညည်းနေသံကို သူကြားလိုက်မိတယ်။ အသံလာရာနောက်
ဘုရင်ကြီးလိုက်ကြည့်တော့ စားဖိုမှူးတစ်ဦးဖြစ်နေတာကို တွေ့တယ်။
သီချင်းညည်းနေတဲ့ စားဖိုမှူးရဲ့မျက်နှာပေါ်မှာ အပျော်တွေ ထင်ဟပ်နေတယ်။
ဘုရင်ကြီးက တအံ့တသြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက်ပျော်ရွှင်ရသလဲလို့ မေးတယ်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ စားဖိုမှူးတစ်ဦးသာဖြစ်ပေမယ့်
ကျွန်တော်မျိုးရဲ့ဇနီး၊ သားသမီးတွေကို ကျွန်တော်မျိုးတတ်နိုင်သလောက်
ပျော်ရွှင်စေပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့
တဲအိမ်တစ်လုံးရှိမယ်၊ ဗိုက်ထဲမှာ အဆာရှိမယ်ဆိုရင် လုံလောက်ပါပြီ။ ဇနီးနဲ့
သားသမီးတွေက ကျွန်တော့်စိတ်ဓာတ်ကို ပံ့ပိုးကူညီသူတွေဖြစ်တယ်။ အိမ်ကို
ကျွန်တော်ယူပြန်တဲ့ ဘာသေးသေးမွှားမွှားအရာမဆို သူတို့အလိုကို ပြည့်စေပါတယ်။
ကျွန်တော်မျိုးမိသားစုတွေ ပျော်ရွှင်လို့ ကျွန်တော်မျိုးလည်း
ဒီလိုနေ့တိုင်းပျော်ရွှင်နေရတာပါ" လို့ စားဖိုမှူးက ဖြေတယ်။
ဘုရင်ကြီးဟာ စားဖိုမှူးပြောတဲ့စကားတွေကို အမတ်ကြီးတစ်ဦးနဲ့
တိုင်ပင်ဆွေးနွေးတယ်။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှူက ၉၉
မိသားစုမဖြစ်သေးလို့ပါ" လို့ပြောတယ်။
"၉၉မိသားစု? ၉၉မိသားစုဆိုတာ ဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့မေးတယ်။
"၉၉မိသားစုဆိုတာကို သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဦးဆုံး
အထုပ်တစ်ထုပ်ထဲ ငွေပြား ၉၉စေ့ကိုထည့်ပြီး စားဖိုမှူးရဲ့ အိမ်တံခါးဝမှာ
သွားချထားပါ။ ၉၉မိသားစုအကြောင်း အရှင်မင်းကြီး အမြန်ဆုံး သိလာပါလိမ့်မယ်"
အမတ်ကြီးပြောသလို ဘုရင်ကြီးဟာ ငွေပြား၉၉စေ့ ထည့်ထားတဲ့အထုပ်ကို
ပျော်ရွှင်တဲ့စားဖိုမှူးအိမ်ရှေ့မှာ သွားချထားလိုက်တယ်။
အိမ်ပြန်လာတဲ့ စားဖိုးမှူးဟာ အထုပ်ကိုတွေ့တာနဲ့ သိလိုစိတ်ပြင်းပြပြီး
အထုပ်ကိုဖြည်ကြည့်လိုက်တယ်။ အထဲမှာ ငွေကြေးတွေကိုတွေ့တော့ ၀မ်းသာအားရ
အော်ပါတယ်။
"အလို... ငွေတွေ... ဒီလောက်များတဲ့ ငွေတွေ!"
စားဖိုးမှူးဟာ အထုပ်ကို စားပွဲပေါ်ဖြည်ချပြီး ငွေတွေကို စရေတွက်တော့တယ်။
၉၉စေ့!
ဒီအရေအတွက် မဖြစ်နိုင်ဘူးဆိုပြီး ငွေတွေကို သူထပ်ရေတွက်ပြန်တယ်။ ဒါပေမယ့်
ဘယ်လိုရေရေ ငွေပြားတွေဟာ ၉၉စေ့ဖြစ်နေတယ်။ စားဖိုမှူးရဲ့ စိတ်တွေ
ရှုပ်ထွေးစပြုလာတယ်။ ၉၉စေ့ မဖြစ်နိုင်ဘူး? ဘယ်သူကမှ ၉၉စေ့ပဲ
ထည့်ထားမှာမဟုတ်ဘူး။ ကျန်တဲ့ငွေပြား၁စေ့ ဘယ်ရောက်သွားပြီလဲ?
ဒီလိုနဲ့ ငွေပြားတစ်ပြားကို စားဖိုးမှူး စရှာတော့တယ်။
အိမ်ထဲအိမ်ပြင်မကျန် ရှာတယ်။ အိမ်ဝင်းထဲရှာတယ်။
ပင်ပန်းနွမ်းနယ်တဲ့အထိရှာလည်း ငွေတစ်ပြားကို မတွေ့ခဲ့ဘူး။ သူတစစ
မျှော်လင့်ချက်တွေမဲ့လာတယ်။ စိတ်ထဲမှာလည်း မပျော်ရွှင်တော့ဘူး။
ငွေတစ်ပြားကို မနက်ဖြန်ထပ်ကြိုးစားရှာမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ
သူ့ငွေပြားတွေ တစ်ရာပြည့်မယ်။
ညက ငွေတစ်ပြားရှာရတဲ့ဒဏ်ကြောင့် နောက်တစ်နေ့မနက်မှာ
အိပ်ရာထနောက်ကျခဲ့လို့ စားဖိုမှူးစိတ်မရွှင်ဖြစ်နေတယ်။ သူ့ကိုဘာဖြစ်လို့
မနှိုးရတာလည်းလို့ ဇနီးနဲ့ သားသမီးတွေကို သူအော်ငေါက်မိတယ်။
ငွေတစ်ပြားရှာဖို့ သူ့အချိန်တွေ ထိခိုက်ကုန်ပြီလို့ဆိုတယ်။
စားဖိုဆောင်ကို သူအလျင်စလိုရောက်လာခဲ့တယ်။ သူ့ပုံစံက ခါတိုင်းလို
ပျော်ပျော်ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း မညည်းနိုင်သလို၊ လေလည်း
မချွန်နိုင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျူံးလုပ်နေခဲ့တယ်။
ဘုရင်ကြီး သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ်ဆိုတာကိုလည်း သူ
သတိမထားနိုင်ခဲ့တော့ဘူး။
စားဖိုမှူးရဲ့စိတ်တွေ ဒီလောက်အပြောင်းကြီးပြောင်းသွားခဲ့တာကို
ဘုရင်နားမလည်နိုင်ဖြစ်ခဲ့တယ်။ ဒီလောက်များတဲ့ငွေကိုရတဲ့ စားဖိုမှူးဟာ
ပိုပျော်သင့်တယ်လို့ ဘုရင်ကြီးထင်ခဲ့တယ်။ ဒီလိုနဲ့ အမတ်ကြီးကို
မေးမြန်းပြန်တယ်။ အမတ်ကြီးက "အရှင်မင်းကြီး .. ဒီစားဖိုမှူးဟာ
၉၉မိသားစုထဲ လုံးဝ ၀င်ရောက်လာပါပြီ" လို့ ဖြေပါတယ်။
၉၉မိသားစုဆိုတာ သူတို့ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင်
မပြည့်ဝတတ်သူတွေဖြစ်တယ်။ သူတို့ဟာ အဲဒီထပ်ဖြည့်မယ်ငွေကြေး "တစ်ပြား"အတွက်
အလုပ်တွေကို နေ့မအား ညမအားလုပ်ကြတယ်။ "ရာ"ပြည့်မယ့်
သူတို့ရဲ့လိုအင်ဆန္ဒအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတယ်။ "ရာ"
ပြည့်နိုင်ဖို့ "တစ်"ကို အားအင်ကုန်ခမ်းတဲ့ထိ လိုက်ရှာပြီး
ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေစွန့်တဲ့လူတွေဟာ ၉၉မိသားစုပဲဖြစ်တယ်။
ဥစ္စာပစ္စည်းရဲ့ တစ်ရာပုံ တစ်ပုံနဲ့ ပျော်ရွှင်ခြင်းကိုဝယ်နိုင်ရင် ဒါဟာ
ထိုက်တန်ပါတယ်။
ဒါပေမယ့် ဥစ္စာပစ္စည်း တစ်ပုံအတွက် ပျော်ရွှင်ခြင်းနဲ့ လဲတာက မထိုက်တန်ပါဘူး။
သင်ဟာ ၉၉ မိသားစုလား?