တခြားလူကို ပြောင်းလဲဖို့.....

6:04 AM Posted In Edit This 0 Comments »
ကျွန်တော်ရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်က အသံလွှင့်ဌာနမှာ အသံလွှင့်သူ
တစ်ဦးဖြစ်ဖို့ပါပဲ။ တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော့်ဇာတိဖြစ်တဲ့ South
Carolinaပြည်နယ် ကိုလံပီယာမြို့က အသံလွှင့်ဌာနတစ်ခုမှာ ကျွန်တော်ရဲ့
ပထမဆုံးအလုပ်ကို ရခဲ့တယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့တယ်။
တည်းဖြတ်သူဖြစ်တဲ့အထိ နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။
တည်းဖြတ်သူရဲ့ အလုပ်က တစ်မြို့လုံးအတွက် အကောင်းဆုံးအသံသွင်းထားသူရဲ့
ကြော်ငြာတွေကို လိုက်ဖက်တဲ့တီးလုံး သံစဉ်တွေ ထည့်ပေးတာဖြစ်တယ်။

Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံလွှင့်သူဖြစ်တယ်။ သူ့အသံက
ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစကသူဟာ တည်းဖြတ်သူပါ။
ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို
အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။
အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ
ကြော်ငြာစာသားတွေလည်း အင်မတန် ရေးတတ်သူဖြစ်တယ်။ သူရဲ့အထူးခြားဆုံးက
ကြော်ငြာတွေအတွက် လိုက်ဖက်တဲ့ သံစဉ်၊ တီးလုံးတွေကို ရွေးယူတာပဲဖြစ်တယ်။

Philဟာ (A M) အသံလွှင့်ခေတ်ကတည်းက ဒီအလုပ်လုပ်ကို လုပ်ခဲ့သူဖြစ်တယ်။ အခု
ကျွန်တော်တို့ရဲ့ အသံလွှင့်ဌာနက (F M) ဖြစ်တယ်။ Philရဲ့ တတ်ကျွမ်းမှုက
ခေတ်သစ်နည်းပညာနောက် အမှီမလိုက်နိုင်ခဲ့ဘူး။ သူတည်းဖြတ်တဲ့ ကြော်ငြာတွေက
A M လိုင်းမှာ အရမ်းနားထောင်လို့ ကောင်းပေမယ့် FMလိုင်းမှာတော့
ရိုးလွန်း၊ သာမန်လွန်းနေပါတယ်။

တည်းဖြတ်သူဖြစ်စမှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားမိတယ်။ Philနဲ့
တခြားအသံလွှင့်သူတွေနဲ့ အလုပ်အတူလုပ်ရမှာကို
ကျွန်တော်အရမ်းမျှော်လင့်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့နယ်မှာ နာမည်ကြီး
အသံလွှင့်သူတွေဖြစ်တယ်။ သူတို့ရဲ့အသံတွေနဲ့ ကျွန်တော်ကြီးပြင်းခဲ့တယ်။
ဒါပေမယ့် သိပ်မကြာပါဘူး။ Philနဲ့ ကျွန်တော့်ကြားမှာ အဖုအထစ်လေး
စလာခဲ့တယ်။ ကျွန်တော်လုပ်တဲ့ ကြော်ငြာတီးလုံးတွေ မချောမွတ်ဘူး။
ဘောင်မဝင်ဘူးလို့ သူကဆိုပါတယ်။ ကျွန်တော်တည်းဖြတ်တဲ့ သံစဉ်၊
တီးလုံးတွေကို သူမကြိုက်ဘူး။ ကျွန်တော်သိမ်းတဲ့ ဖိုင်ပုံစံတွေကို
သူမကြိုက်ဘူး။ ကျွန်တော်ဘာလုပ်လုပ် သူမနှစ်သက်ဘူး ဖြစ်နေပါတယ်။

ဒီလိုနဲ့ Philကို နှစ်သက်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ကြည်ညိုလေးစားမှုတွေ
တဖြေးဖြေး ပျောက်ကွယ်လာခဲ့ပြီး သူ့ကို ကျွန်တော် အင်မတန်
မုန်းတီးလာခဲ့မိတယ်။ စစချင်းမှာ သူ့ဆူဆဲဒဏ်ကို
ကျွန်တော်ခေါင်းငုံ့ခံခဲ့ပြီး "sorry" လို့ ပြောတတ်ပေမယ့် နောက်ပိုင်းမှာ
ကိုယ့်ကိုကိုယ် ကာကွယ်ပြီး ကျွန်တော်ပြောတတ်လာခဲ့တယ်။ သူမှားတယ်လို့
ကျွန်တော်ထင်တဲ့အမှားတွေကို ထုတ်ဖော်ပြောတော့တယ်။ သိပ်မကြာပါဘူး။
ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါ်တင်ငြင်းခုန် ဆဲဆိုတော့တယ်။
အချင်းချင်း ဝေဖန်ပြီး ပြစ်တင်ရှုံ့ချတော့တယ်။

တည်းဖြတ်ခန်းမှာ အသံလုံမှန်နံရံကြီးတစ်ခု ခြားထားပါတယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ မှန်နံရံ တစ်ဘက်တစ်ချက်ကနေ အသံမကြားရဘဲ
အမူအရာနဲ့တင် အချင်းချင်း ဝေဖန်ဆဲဆိုကြပါတယ်။ လည်ပင်းကြောတွေ
ထောင်လာတဲ့အထိ၊ မျက်နှာတွေ နီးမြန်းလာတဲ့အထိ အော်ကြပါတယ်။ အသံမကြားဘဲ
အမှုအရာနဲ့ ဆဲဆိုနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုအမှုက
တခြားလုပ်ဖော်ကိုင်ဖက်ရဲ့ အမြင်မှာ ဘယ်လောက်ရယ်စရာ ကောင်းနေမလဲ!

တစ်နေ့မှာ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်ဆဲဆိုနေတုန်းမှာ Philဟာ
နာရီတစ်ချက်ကြည့်ပြီး "နင့်ရဲ့အပိုစကားတွေ နားထောင်ဖို့ ငါအချိန်မရှိဘူး။
မိတ်ဆွေတစ်ယောက်နဲ့ ထမင်းစားဖို့ ငါချိန်းထားတယ်" လို့ဆိုပြီး အခန်းထဲကနေ
ထွက်သွားပါတယ်။ မှန်ပြတင်းကနေ သူထွက်သွားရာဖက် ကျွန်တော်လိုက်ကြည့်မိတယ်။
ဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတဲ့ သူနဲ့အသက် မတိမ်းမယိမ်းအရွယ်
လူတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့
ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပါတယ်။

Philနဲ့ သူ့မိတ်ဆွေထွက်သွားတာကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ်။
ကျွန်တော်စိတ်ထဲ တွေးနေမိတာက "Philမှာလည်း သူငယ်ချင်းရှိတယ်?
ဒီလောက်အပေါက်ဆိုးတဲ့ သူ့မှာလည်း သူငယ်ချင်းရှိသေးတယ်?" လို့ဖြစ်တယ်။
ဒီအတွေးက ရယ်စရာဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်က ကျွန်တော်ကိုယ့်ကျွန်တော်
သိပ်ဟုတ်တယ် ထင်နေခဲ့မိတယ်။ Philမှာ သူငယ်ချင်းရှိလိမ့်မယ်လို့
ကျွန်တော်လုံးဝ ထင်မထားခဲ့မိဘူး။ ဘယ်လိုဖြစ်ပြီး Phil ကို
နှစ်သက်တဲ့လူလည်း ရှိပါလိမ့်?

အဲဒီညမှာ ကုတင်ပေါ်လဲရင်း ကျွန်တော်စဉ်းစားခန်း ဝင်နေမိတယ်။ အဲဒီလူဟာ
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ အားရဝမ်းသာဖြစ်ပြီး ကျွန်တော်က
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ စိတ်ပျက်ဒေါသဖြစ်ရတာပါလိမ့်? Philဟာ
အမြင်ကပ်ဖို့ကောင်းသူပါ ---- ဟုတ်ပါတယ် ကျွန်တော်ကိုယ့်ကျွန်တော် ဒီလိုပဲ
ပြောပြဖြစ်တယ်။ ဒါပေမယ့် Philဟာ အမြင်ကပ်ဖို့ကောင်းတယ်လို့
ကျွန်တော်ထင်သလို လူတိုင်းက ဘာလို့မထင်ပါလိမ့်?

Philနဲ့ သူ့မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်နဲ့
Philရဲ့ပေါင်းသင်းဆက်စပ်ရေးနဲ့ မတူခဲ့ဘူး။ Philကိုဖော်ညွန်းတဲ့
ကျွန်တော်ရဲ့ဖော်ညွန်းချက်နဲ့ သူ့မိတ်ဆွေရဲ့ဖော်ညွန်းချက်တွေက
ခြားနားနေတယ်။ Philကိုယ်Philပြောတဲ့ ရင်ထဲစကားတွေက သူ့မိတ်ဆွေကို
သူနှစ်သက်တယ်ဆိုတဲ့ စကားဖြစ်သလို သူ့မိတ်ဆွေကိုယ်တိုင်ပြောတဲ့
ရင်ထဲကစကားဟာလည်း Philရဲ့ ကောင်းကွက်တွေပဲဖြစ်တယ်။

ကျွန်တော်မှာတော့ Philအကြောင်းတွေးမိတာနဲ့ ကျွန်တော်ရင်ထဲမှာ
သူ့ဆိုးကွက်၊ သူ့ဝေဖန်အပြစ်တင်သံတွေပဲ ရှိနေခဲ့တယ်။ "Philဟာ
တကိုယ်ကောင်းဆန်သူ၊ ဘဝင်မြင့်သူ၊ လူအမြင်ကပ်ဖို့ကောင်းသူ" ဒါတွေဟာ
Philကို ဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွှန်းချက်ဖြစ်တယ်။ ဒါဟာ
ကျွန်တော်ရင်ထဲမှာရှိတဲ့ Philရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်တယ်။ နောက်ဆုံးမှာ
ဒီလိုသဏ္ဍာန်ရှိတဲ့ လူတစ်ယောက်နဲ့ ကျွန်တော့်ဆက်ဆံရေးကို စခဲ့တယ်။

Philနဲ့ သူ့မိတ်ဆွေရဲ့ ဆက်ဆံရေးက ကျွန်တော်နဲ့မတူခဲ့ဘူး။ ဒါဟာ
ဘာကြောင့်လဲဆိုတော့ သူ့ရင်ထဲမှာဖော်ညွန်းတဲ့ Philနဲ့ ကျွန်တော့်ရင်ထဲမှာ
ဖော်ညွန်းတဲ့Philရဲ့ ဖော်ညွန်းချက်တွေ မတူလို့ဖြစ်တယ်။

"တခြားလူကို ငါ ဘယ်လိုပြောင်းလဲရမလဲ?" ဒါဟာ ကျွန်တော့်ကို လူအများကမေးတဲ့
မေးခွန်းဖြစ်တယ်။ Philနဲ့ကျွန်တော့်ရဲ့အတွေ့အကြုံက ဒီမေးခွန်းကို
ဖြေနိုင်ဖို့ ကျွန်တော့်ကို အဖြေပေးခဲ့ပါတယ်။

"တခြားလူကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းက သူ့အပေါ်ထားတဲ့ ကိုယ့်အထင်၊
ကိုယ့်အတွေးကို ပြောင်းလဲဖို့ပါပဲ"

"Relationship" (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတဲ့ စာလုံးထဲမှာ
"relate"ဆိုတဲ့စာလုံးက "ပြောပြတယ်" ဒါမှမဟုတ် "ဆက်သွယ်ပုံကိုပြတယ်"လို့
အဓိပ္ပာယ်ရတယ်။

တနည်းပြောရရင် "ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး
ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့ အခြေခံက
တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို
ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက
ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်" (ရှင်းရှင်းပြောရရင်
တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက
ဒီမှာတင်ပြီးသွားမယ် ဒါမှမဟုတ် ပိုဆိုးလာနိုင်တယ်။ တကယ်လို့ ကောင်းနေရင်
ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)

0 comments: