အချိန်မရွေး အသစ်ကပြန်စမယ်

12:06 PM Posted In Edit This 0 Comments »
တစ်ခါက လူမျိုးစုတစ်စုမှာ အကြီးအကဲသေဆုံးပြီးနောက် သားဖြစ်သူက
အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူ ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် သားဖြစ်သူဟာ
နေ့ရှိသရွေ့ ပျော်ပါးသောက်စားနေခဲ့လို့ ရွာဟာ တိုးတက်သင့်သလောက်
မတိုးတက်တဲ့အပြင် အဖွဲ့အင်အားပါ ယုတ်လျော့လာခဲ့တယ်။
အဖွဲ့အင်အားနည်းခဲ့လို့ တိုက်ပွဲတစ်ခုမှာ တစ်ဘက်ရန်သူရဲ့
အတိုက်အခိုက်ကို အလူးအလှိမ့်ခံရတဲ့အပြင် ရွာပျက်ပြီး အကြီးအကဲပါ
အဖမ်းခံလိုက်ရတယ်။ ရန်သူတွေက အကြီးအကဲကို နောက်တစ်နေ့မှာ အဆုံးစီရင်ဖို့
ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် မသတ်ခင်မှာ သတ်မှတ်ထားတဲ့
ကွင်းပြင်ကျယ်အတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ သူ့ကို
တစ်ရက်ခွင့်ပြုလိုက်တယ်။

အကြီးအကဲဟာ ကျယ်ပြန့်တဲ့ကွင်းပြင်ထဲ အနှင်ခံလိုက်ရသလို ခံစားရပြီး
လောကကြီးတစ်ခုလုံးက သူ့ကို စွန့်ပစ်ထားတယ်လို့ ထင်မိတယ်။ သူဟာ
သေမင်းလက်ထဲ မကြာခင်ရောက်မယ့်သူလို့လည်း သတ်မှတ်မိတယ်။ အရင်က အစစအရာရာ
ပြည့်စုံခဲ့တဲ့နေ့ရက်တွေကို သူတမ်းတမိတယ်။ တပြိုင်တည်းမှာပဲ ကျေးရွာအတွက်
ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့သူတွေ၊ သတ္တိရှိတဲ့ စစ်သည်ရဲမက်
သူရဲကောင်းတွေ၊ ကျေးရွာကို အသက်ပေးခဲ့ကြသူတွေကို သူသတိရပြီး
နောင်တရမိတယ်။

တကယ်လို့ ဘဝကိုအသစ်တဖန် ပြန်စခွင့်ရရင်၊ ဘုရားသခင်သာ သူ့ကို
အသစ်တဖန်ပြန်စမယ့် အခွင့်အရေးပေးခဲ့ရင် ဒီနေ့လိုမျိုး စစ်ရှုံးပြီး
အဖမ်းခံနေရမှာ မဟုတ်ဘူးလို့ သူတွေးမိတယ်။ နောက်ဆုံးမှာ
၂၄နာရီသာကျန်တော့တဲ့ သူ့ဘဝကို မှားခဲ့သမျှတွေအတွက် ပေးဆပ်ဖို့
သူဆုံးဖြတ်လိုက်တယ်။

ကွင်းပြင်ထဲမှာ သူဖြေးဖြေးချင်း လမ်းလျှောက်နေခဲ့တယ်။ သနားစရာ
ဆင်းရဲသားတွေတွေ့တော့ ဦးခေါင်းထက်က ပတ္တမြားကို သူဖြုတ်ပေးခဲ့တယ်။
လမ်းမှားနေတဲ့ ဆိတ်တစ်ကောင်ကို သူခေါ်ဆောင်ခဲ့တယ်။ လဲကျသွားတဲ့ ကလေးလေးကို
သူဆွဲခေါ်ထူပေးခဲ့တယ်။ နောက်ဆုံး သူ့ကိုယ်ပေါ်က အဖိုးအတန်ဆုံး အနွေးထည်ကို
သူ့ကိုစောင့်ကြပ်တဲ့ စစ်သားကိုပေးလိုက်တယ်။ အရင်က မလုပ်ခဲ့ဖူးတဲ့
အလုပ်တွေကို သူလုပ်ခဲ့မိတယ်။ လုပ်ချင်တာတွေ စိတ်ပါလက်ပါလုပ်ခဲ့ရလို့
သေဆုံးဖို့ကို သူကျေကျေနပ်နပ် လက်ခံလိုက်တယ်။

နောက်တစ်နေ့ သူ့ကိုအဆုံးစီရင်ဖို့ အချိန်ရောက်လာခဲ့တယ်။ အဆုံးစီရင်မယ့်
စင်မြင့်ပေါ် သူပေါ့ပေါ့ပါးပါး တက်ခဲ့တယ်။ မျက်စိမှိတ်ပြီး ဓားချက်အကျကို
သူစောင့်နေခဲ့တယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ သူ့လည်ပင်းပေါ်
ဓားချက်ကျမလာခဲ့ဘူး။ တအံ့တသြနဲ့ မျက်စိကို သူအသာအယာ ဖွင့်ကြည့်လိုက်တယ်။
အရက်ခွက်ကိုင်ပြီး သူ့ကိုပြုံးပြုံးလေး ရပ်ကြည့်နေတဲ့ ရန်သူအကြီးအကဲကို
သူတွေ့လိုက်တယ်။

အဲဒီအကြီးအကဲက "မိတ်ဆွေ... မနေ့က ခင်ဗျားလုပ်ခဲ့သမျှအတွက်
ကျုပ်ခံစားရတယ်။ ခင်ဗျားကို ပိုနားလည်စေခဲ့တယ်။ ကျုပ်တို့
ရွာသူရွာသားအချင်းချင်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်
နေထိုင်ကြမယ်။ အသေးအဖွဲ့ကိစ္စတွေနဲ့ ကျုပ်တို့ အချင်းချင်း
မသတ်ဖြတ်ကြတော့ဘူး။ ဒီနေ့ ခင်ဗျားကို အရက်တစ်ခွက်နဲ့
ကျုပ်ကောင်းချီးပေးမယ်။ နှောင်နောက် ညီအစ်ကိုတွေလို ကျုပ်တို့
နေထိုင်သွားကြရအောင်"

အဲဒီနောက် အကြီးအကဲဟာ သူ့နေရပ်ကို ပြန်ရောက်လာခဲ့တယ်။ နေရပ်ကို
ပြန်ရောက်တယ်ဆိုရင်ပဲ အရင်ကလို သူသောက်စားမူးယစ် မနေတော့ဘဲ
ရွာသူရွာသားတွေနဲ့အတူ ချစ်ခင်ရင်းနှီးအောင်နေပြီး ကျေးရွာတိုးတက်ဖို့
ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို

သူဆုံးဖြတ်လိုက်တယ်။ တစ်ဘက်ကျေးရွာနဲ့လည်း မတိုက်ခိုက်တော့ဘဲ
သင့်မြတ်ချစ်ကြည်အောင် နေထိုင်ခဲ့တယ်။

လူ့ဘဝကို အချိန်မရွေး စလို့ရတယ်။ ဘဝမှာ အချိန်၂၄နာရီသာ
ကျန်တော့တယ်ဆိုရင်လည်း စနိုင်တယ်။

လူတစ်ယောက်မှာ တွေးတောနိုင်စွမ်းရှိသေးတယ်၊ မျှော်လင့်ချက်အိပ်မက်တွေ
ရှိသေးတယ်ဆိုရင် သူဟာ သူ့ဘဝကို အသစ်တဖန် ပြန်စနိုင်တယ်။

တစ်ခါတလေ ကျွန်တော်တို့ဟာ မှားနေမှန်းသိသိနဲ့ ဆက်မှားနေတတ်ကြတယ်။
နာကျင်နေမှန်းသိလျက်နဲ့ အဲဒီနာကျင်မှုထဲကနေ ရုန်းမထနိုင်ကြဘူး။
"မလုပ်ရဲတဲ့ အနေအထား" ဒါမှမဟုတ် "မစွန့်ဝံ့တဲ့ အနေအထား"က
ကျွန်တော်တို့ကို အခက်အခဲကြား ပိုနစ်မွန်းစေခဲ့တာလား? ဒီလမ်းဟာ
ကိုယ်နဲ့မသင့်တော်တဲ့လမ်းမှန်း သိလျက်နဲ့၊ ရှေ့ဆက်လျှောက်ရင်လည်း
အကျိုးမရှိမှန်းသိလျှက်နဲ့ အသစ်တဖန်ပြန်စဖို့ ဘာဖြစ်လို့ ချက်ချင်း
မစွန့်လွတ်နိုင်ခဲ့တာလဲ?

ဂျပန်စာရေးဆရာ "Kaoru Nakajima"က "ကိုယ်မလုပ်နိုင်ဘူးလို့ ထင်တာဟာ
အထင်မှားတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို စလုပ်တာနဲ့
ဒီအလုပ်ကို လုပ်နိုင်မလုပ်နိုင် အရင်တွေးတောတယ်။
ပြီးရင်ကိုယ့်အရည်အချင်းကို သင်္ကာမကင်းဖြစ်လာတယ်။ ဒါဟာ
မှားယွင်းတဲ့အတွေးတွေဖြစ်တယ်"

လူ့ဘဝဟာ အချိန်မရွေး အသစ်တဖန် ပြန်စနိုင်တယ်။ အဲဒီလိုပြန်စဖို့ အသက်အရွယ်
အကန့်အသတ်မရှိဘူး။ ယောက်ျား မိန်းမ မခွဲခြားဘူး။ ကျွန်တော်တို့မှာ
ယုံကြည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မျှော်လင့်ချက်တွေရှိနေသရွေ့
အသက်(၇ဝ)ဆိုလည်း အသစ်ပြန်စနိုင်ပါတယ်။

ရုပ်ရှင်ကားတစ်ကားမှာ လူငယ်တစ်ယောက်ဟာ သူနဲ့နှစ်ရှည်လကြာ
ချစ်ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကြောင့် ဝမ်းနည်းပူဆွေးခဲ့တယ်။
အကြောင်းက အဲဒီကောင်မလေးကို သူ့မိဘတွေက သူဌေးတစ်ဦးနဲ့
လက်ထပ်ပေးတော့မှာမို့ဖြစ်တယ်။ ဒါကိုလူငယ်က ကြိတ်ခဲမရဖြစ်ပြီး
တွေ့သမျှပစ္စည်းတွေကို ရိုက်ခွဲဖောက်ကွဲပစ်တယ်။ နေ့တိုင်း အရက်ကို
လူမှန်းသူမှန်းမသိအောင် သောက်တယ်။ လူသေကောင်နဲ့ မခြားခဲ့ဘူး။ ဘယ်သူမှ
သူနဲ့ မျက်နှာချင်းမဆိုင်ရဲကြဘူး။ သူနဲ့ ထပ်တိုက်တွေ့ခဲ့ရင်တောင် လူတွေက
ရှောင်သွားကြတယ်။

သူ့အဖြစ်ကို အတွေ့အကြုံရင့်ကျက်တဲ့ အဘိုးအိုတစ်ဦးကမြင်တော့ "မင်းမှာ
အစွမ်းအစရှိရင် သူ့ကိုရအောင် ပြန်ခေါ်ပါ" လို့ ကရုဏာသောသောပြောတယ်။

"ဒါပေမယ့် တခြားသူနဲ့ မကြာခင် သူလက်ထပ်တော့မယ်" လို့ ကောင်လေးက
ဝမ်းနည်းပက်လက်ပြောတယ်။

"တကယ်လို့ မင်းမှာ လုပ်နိုင်စွမ်းရှိရင် မင်းအတွက်
အခွင့်အရေးဆိုတာရှိတယ်။ မင်းမှာ အချိန်တွေရှိသေးတယ်။ မင်းစိတ်ဓာတ်တွေ
မာကျောနေဖို့တော့ လိုလိမ့်မယ်"

"ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး။ မျှော်လင့်ချက်ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး"

"မင်းမှာ ဒီနေ့ဆိုတာရှိတယ်။ မနက်ဖြန်ဆိုတာ ရှိတယ်။ ပြီးတော့
မင်းခန္ဓာကိုယ်မှာ အင်အားဆိုတာ ရှိသေးတယ်"

အဘိုးအိုရဲ့ လမ်းညွှန်ဆုံးမမှုအောက်မှာ လဲကျနေရာကနေ လူငယ်တဖြေးဖြေး
ရုန်းထလာခဲ့တယ်။ ကျေးရွာကခွာပြီး တခြားနေရပ်တစ်ခုကို
သူထွက်ခွာသွားခဲ့တယ်။

သုံးနှစ်လွန်ပြီးနောက် ရွာကိုသူပြန်ရောက်လာတယ်။ သူ့ကို ဆိုဆုံးမခဲ့တဲ့
အဘိုးအိုကိုတွေ့တော့ အဘိုးအိုက သူချစ်ကြိုက်ခဲ့တဲ့ ကောင်မလေး
သူဌေးနဲ့ယူလိုက်ပြီဆိုတဲ့အကြော
င်း ပြောပြတယ်။ အဘိုးအိုစကားကြားတော့
လူငယ်ကရယ်ပြီး "အရာအားလုံးက ပြီးသွားခဲ့ပြီ။ တကယ်တော့ ကျွန်တော့်ကို
အဘိုးသင်ပေးလိုက်တာဟာ မိန်းမတစ်ယောက်ကို ဘယ်လိုယူရမယ်ဆိုတာ မဟုတ်ဘဲ ဘဝမှာ
ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပြလိုက်တာပါ။ ဒါဟာ အရေးကြီးဆုံးအချက်ပါ"
လို့ ပြောလိုက်တယ်။

ဒီနေ့ဟာ အရာတစ်ခုကို ကုန်ဆုံးစေသလို အသစ်တဖန်လည်း ပြန်စစေတယ်။ မနေ့က
အောင်မြင်ခဲ့သည်ဖြစ်စေ၊ ကျရှုံးခဲ့သည်ဖြစ်စေ ဒီနေ့မှာ အရာအားလုံးကို
အသစ်တဖန်ပြန်စနိုင်တယ်။ လူ့ဘဝကို အသစ်တဖန် ပြန်စလို့ရတယ်။

မနေ့က ကျရှုံးခဲ့တာကို ဒီနေ့မှာ မေ့လိုက်ပါ။ ကျရှုံးခြင်းရဲ့သင်ခန်းစာနဲ့
အသစ်တဖန် ပြန်စပါ။ မနေ့က အောင်မြင်ခဲ့ရင်လည်း ဒီနေ့အသစ်တဖန် ပြန်စပြီး
အောင်မြင်မှုအပေါ် ကြိုးစားမှုတွေ ထပ်လောင်းပြီး ပိုတောက်ပြောင်တဲ့
စိတ်ဓာတ်နဲ့ ရှေ့ကိုတိုးပါ။

လူ့ဘဝဆိုတာ အသစ်တဖန်ပြန်စခြင်းတွေနဲ့ မပြတ်လည်ပတ်နေတဲ့ ဖြစ်စဉ်ဖြစ်တယ်။
အချိန်မရွေး မျှော်လင့်ချက်အသစ်၊ ကောင်းကင်အသစ်နဲ့
အသစ်တဖန်ပြန်စနိုင်ပါတယ်

0 comments: