ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို ဖော်လန် ရရှိ

6:40 AM Posted In Edit This 0 Comments »
ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို ဖော်လန် ရရှိ

ဥရုဂွေးအသင်းမှ တိုက်စစ်မှူးဖြစ်သူ ဖော်လန်မှာ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံး သမား ရွှေဘောလုံး ဆုကို ရရှိသွားကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ်ရှိ အက်သလက်တီကို တိုက်စစ်မှူး ဖော်လန်မှာ ဥရုဂွေး အသင်းအတွက် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၅ ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။
ဂျာမနီ အသင်းမှ တိုက်စစ်မှူး မူလာမှာလည်း ယခုနှစ် ကမ္ဘာ့ဖလားတွင် အသင်း အတွက် ၅ ဂိုး သွင်းယူခဲ့ပြီး အသင်းဖော်များ ဂိုးကန်သွင်းခွင့် ရရန် ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့၍ ဖီဖာမှ ချီးမြှင့်သော အကောင်းဆုံး လူငယ် ကစားသမား ဆု အပြင် ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကိုပါ ရရှိခဲ့သည်။ ၎င်းမှာ အကောင်းဆုံး လူငယ်ကစားသမား ဆုအတွက် မက္ကဆီကိုမှ ဒေါ့ဆန်းတို့စ်နှင့် ဂါနာမှ အင်ဒရီအရူးတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ပြီး ရွှေဖိနပ်ဆုကို စပိန်မှ ဒေးဗစ်ဗီလာနှင့် ဟော်လန်မှ ရှနိုက်ဒါတို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆုအတွက် စစ်တမ်းများအရ ဖော်လန်မှာ ၂၃.၄ ရာခိုင်နှုန်းဖြင့် ရှေ့ဆုံးမှ ဦးဆောင်နိုင်ခဲ့ပြီး ဟော်လန် ကွင်းလယ်လူ ရှနိုက်ဒါနှင့် စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာတို့ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့တွင် ကစားခဲ့သော ဗိုလ်လု ပွဲစဉ်တွင် ဟော်လန်အသင်းမှ ရော်ဘင်၏ အပိုင်ကန်သွင်းခွင့် ၂ ကြိမ်ကို အကောင်းဆုံး ကာကွယ်ခဲ့သည့် စပိန်ဂိုးသမား ကားဆီးလက်စ်မှာလည်း ယခုနှစ် ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုကို ရရှိခဲ့သည်။
အဆိုပါ စပိန် ဂိုးသမားမှာ ယခုနှစ် ကမ္ဘာ့ဖလား နောက်ဆုံး ၇ ပွဲတွင် ၂ ဂိုးသာ အသွင်း ခံထားရသူ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားအတွက် ငွေဘောလုံးဆုကို စပိန်မှ ဒေးဗစ်ဗီလာက ရရှိသွားပြီး ကြေးဘောလုံးဆုကို ဟော်လန်မှ ရှနိုက်ဒါက ရရှိ သွားခဲ့သည်။


ရွှေလက်အိတ်ဆင်မြန်းခွင့် ရသွားတဲ့ ကားဆီးလက်စ်


၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သုံးကြိမ်မြောက် အဖြစ် ပါဝင်ခွင့် ရခဲ့တဲ့ စပိန် ဂိုးသမား ကားဆီးလက်စ်ဟာ သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်ရဲ့ အထွက်အထိပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကားဆီးလက်စ်ဟာ စပိန်အသင်း နဲ့အတူ ကမ္ဘာ့အဆင့်မြင့်ဆုံး ပြိုင်ပွဲကြီးမှာ ဗိုလ်စွဲနိုင်ခဲ့သလို ပြိုင်ပွဲကြီးရဲ့ အထူးချွန်ဆုံး ဂိုးသမား အဖြစ် အက်ဒီးဒက်စ် ကုမ္ပဏီက ချီးမြှင့်တဲ့ ရွှေလက်အိတ်ဆု ကိုလည်း ရရှိခဲ့ပါတယ်။
ဂိုးသမား ကားဆီးလက်စ် အနေနဲ့ ဒီလို အောင်မြင်မှုတွေ ရလာဖို့အရေး အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ အုပ်စုအဆင့် ဆွစ်ဇာလန်နဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မီဒီယာတွေက ၀ိုင်းပြီး ဝေဖန်ခဲ့ပါသေး တယ်။ ဒါပေမယ့် စပိန်အသင်း ခေါင်းဆောင်ရဲ့ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်မှုတွေဟာ သိပ်မကြာခင်မှာပဲ တိတ်ဆိတ် သွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကားဆီးလက်စ်ဟာ ချီလီအသင်းနဲ့ ပွဲကလွှဲပြီး ဗိုလ်လုပွဲအထိ ပွဲစဉ်တိုင်းမှာ ပေးဂိုး မရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်။
စပိန် အသင်းဟာ ဗိုလ်လုပွဲအထိ နောက်ဆုံး လေးပွဲမှာ ပေးဂိုးမရှိနဲ့ အောင်ပွဲ ဆင်နိုင်ခဲ့တာဟာ စပိန် ဂိုးပေါက်ဝမှာ ရှိခဲ့တဲ့ ကားဆီးလက်စ်ရဲ့ စွမ်းဆောင်မှုဟာ အဓိက ပဓာန ဆိုတာ ငြင်းစရာ မလိုပါဘူး။
ကားဆီးလက်စ်ရဲ့ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ခဲ့ရမှုများအနက် တစ်ခုကို တင်ပြရရင် ကွာတားဖိုင်နယ်မှာ ပါရာဂွေး ကစားသမား ကာဒိုဇိုသွင်းယူတဲ့ ပင်နယ်တီ ပြစ်ဒဏ် ဘောလုံးကို အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ခြင်း ပါပဲ။ ဒါဟာပွဲရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုလို့ ပြောရင်လည်း ရနိုင်ပါတယ်။ ဒါ့အပြင် ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း ရီးရဲလ်ဂိုးသမား တစ်ဦးဖြစ်တဲ့ ကားဆီးလက်စ်ဟာ ဂျာမနီကွင်းလယ်လူတွေဖြစ်တဲ့ ထရိုချောစကီးနဲ့ တိုနီခရူးခ်တို့ရဲ့ ကန်သွင်းချက်တွေကို အကောင်းဆုံး ကာကွယ် သွားနိုင်ခဲ့ပါတယ်။
အခုဆိုရင် အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ ကားဆီးလက်စ်ဟာ နယ်သာလန် အသင်းနဲ့ ဗိုလ်လုပွဲမှာ သူ့ရဲ့ မိခင်နိုင်ငံ စပိန်အတွက် အစွမ်းကုန် ကြိုးစား စွမ်းဆောင် ပေးနိုင်ခဲ့ပါပြီ။ ပြိုင်ဘက် တိုက်စစ်မှူး ရော်ဘင်နဲ့ နှစ်ယောက် ရင်ဆိုင်အတွေ့ မိမိအသင်း ဂိုးမပေးရအောင် ထူးထူးချွန်ချွန်နဲ့ ကာကွယ်သွားနိုင်ခဲ့သလို အရေးကြီးတဲ့ ဂိုး နှစ်ဂိုးကိုလည်း ကာကွယ်ပေးခဲ့ ပြန်ပါတယ်။
ကမ္ဘာ့ဖလား သရဖူကြီးကို လက်မောင်းကြားမှာပွေ့ပြီး ရွှေလက်အိတ်ဆုကို လက်ခံခဲ့တဲ့ ကားဆီးလက်စ်ရဲ့ ရင်ထဲက ပျော်ရွှင်မှုတွေဟာ မျက်နှာမှာ အတိုင်းသားတွေ့ခဲ့ရပါတယ်။ သူက ”တကယ့်ကို ဂုဏ်ယူစရာ တစ်ခုပါပဲ။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ ဆုကို ရခဲ့ပါပြီ။ ဒီအတွက် ပျော်ရွှင်မိပါတယ်” လို့ ၀မ်းသာအဲလဲ ရင်ဖွင့်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ နယ်သာလန် အသင်းနဲ့ အကြိတ်အနယ်ကစားကာ အနိုင်ရယူပြီး ကမ္ဘာ့ဖလား ဆုဖလားကြီးကို သိမ်းပိုက် နိုင်ခဲ့ရာမှာ ကားဆီးလက်စ်ဟာ သူ့ရဲ့ စိတ်ခံစားမှုတွေကို မြိုသိပ် မထားနိုင်ခဲ့ပါဘူး။ ဒါဟာ အဲ့သြစရာတော့ မဟုတ်ပါဘူး။ အင်နီယေစတာ အနိုင်ဂိုး သွင်းယူခဲ့ပြီးချိန်မှာ ကားဆီးလက်စ် တစ်ယောက် ၀မ်းသာလွန်းအားကြီးလို့ ၀ဲတက်လာတဲ့ မျက်ရည်တွေဟာ ပါးပြင်တစ်ဝှက်စီးကျလာခဲ့ပါတယ်။ ပွဲပြီးတဲ့အထိလည်နေတဲ့ မျက်ရည်တွေအကြား သူက “အိပ်မက် တစ်ခုလိုပါပဲ ... ဘရာဇီး၊ ပြင်သစ်၊ အီတလီ အသင်းတွေရခဲ့ဖူးတဲ့ ဖလားတစ်လုံးကို ရယူနိုင်ခဲ့ပါပြီ။ ရုပ်မြင်သံကြားတွေ၊ ဗွီဒီယိုဂိမ်းတွေမှာ တွေ့နေရတဲ့ အရာတစ်ခုပါ။ နေရာတိုင်းမှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တွေ့ကြုံဆုံ လာတာမျိုးတော့ ဘယ်လိုမှ စိတ်ကူး ပုံဖော်ကြည့်လို့ မရနိုင်တဲ့ အရာတစ်ခုပါ။ ရိုးရိုးသားပြောရရင် ခုထိ ကိုယ့်ကိုကိုယ် မယုံချင်သေးဘူးဗျာ” လို့ ရင်ဖွင့်သွားကြောင်းပါ ခင်ဗျာ....

0 comments: