အောင်မြင်စွာ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပိတ်ပွဲ

6:44 AM Posted In Edit This 0 Comments »
အောင်မြင်စွာ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပိတ်ပွဲ

၂၀၁၀ ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနား ကို ယမန်နေ့က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ Soccer City ကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားခဲ့သည်။ အဆိုပါ အခမ်းအနား သို့ တောင်အာဖရိက သမ္မတ ဂျာကော့ဘ်ဇူးမား နှင့် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ အပါအ၀င် အာဖရိက ကိုယ်စားပြု တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
ဖီဖာ အဖွဲ့မှ ယမန်နေ့ ပိတ်ပွဲ အခမ်းအနား သို့ တက်ရန် မျှော်လင့်ခဲ့ရသော ယခင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလ်လား မှာ ၎င်း၏ ဇနီးဖြစ်သူ ဂရေကာမာချယ် နှင့်အတူ ကြွရောက် ချီးမြှင့်ခဲ့သည်။ ယခင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား မှာ ယမန်နေ့ အခမ်းအနား တွင် ပရိသတ် စုစုပေါင်း ၈ သောင်းကျော်ကို ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ အမိုးဖွင့်ကားလေး တစ်စီးဖြင့် လိုက်လံ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ၂၀၁၀ ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနား စတင်သည့် အထိမ်းအမှတ် အဖြစ် Soccer City ကွင်းအတွင်း လှပသော လျှပ်စစ်မီး ရောင်စုံများ ထွန်းကာ မီးရှူးမီးပန်းများ လှပစွာ ပစ်ဖောက်ခဲ့ကြသည်။
ယင်းနောက် နာမည်ကြီးအဆိုတော် ရှက်ကီရာက တောင်အာဖရိက တူရိယာ တီးဝိုင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား တရားဝင် သီချင်းဖြစ်သော Waka Waka (This Time for Africa) ကို အကောင်းဆုံး ဖျော်ဖြေ တင်ဆက်သွားခဲ့သည်။ ယင်းနောက် ပိတ်ပွဲ အခမ်းအနားဖျော်ဖြေရေး အစီအစဉ်များကို ဆက်လက် ကျင်းပသွားခဲ့သည်။ ယမန်နေ့ ပိတ်ပွဲ အခမ်းအနားသို့ ယခင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြင် ဟော်လန်နှင့် စပိန် နိုင်ငံမှ တော်ဝင် မိသားစုဝင်များနှင့် အခြားသော နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းများအရ ပိတ်ပွဲ အခမ်းအနားအပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ မစတင်ခင် စပိန်နှင့် ဟော်လန် အသင်းတို့မှ ပရိသတ်များမှာ Soccer City ကွင်း အပြင်ဘက်တွင် အော်ဟစ် ဆူပူနေကြ၍ တာဝန်ကျရဲများက မနည်းပင် ထိန်းယူ ခဲ့ရကြောင်း သိရသည်။




ရေဘ၀ဲကို ယုံတဲ့ ရှာကီယာနှင့် တွေ့ဆုံခြင်း


၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပွဲကြီးမှာ နောက်ဆုံး ဗိုလ်လုပွဲ နေ့သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ တစ်လတိတိ ကျင်းပခဲ့သော ယင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးသို့ ကမ္ဘာ့အနှံ့မှ ပရိသတ်ပေါင်း သန်းနှင့် ချီကာ လာရောက် ကြည့်ရှုခဲ့ကြသည်။
ယင်းကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၏ ဖွင့်ပွဲတွင် ယခုပြိုင်ပွဲ၏ အထိမ်းအမှတ် သီချင်းဖြစ်သော WaKa WaKa (This Time for Africa) သီချင်းကို မြူးမြူးကြွကြွ လှလှ ပပ သီဆိုပြသွားသူမှာ ကိုလံဘီယာသူ ရှာကီယာပင် ဖြစ်သည်။
ရှာကီယာမှာ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်ပြီး ပုရိသ ပရိသတ်များစွာကို ဖမ်းစားနိုင်ခဲ့သူဖြစ်သည်။ ယနေ့ ပိတ်ပွဲ တွင်လည်း ရှာကီယာမှာ ယင်းသီချင်းဖြင့် သီဆိုဖျော် ဖြေရဦးမည် ဖြစ်သည်။
ရှာကီယာ၏ အခု ကမ္ဘာ့ဖလား ပွဲအပေါ်အမြင်များကို မေးမြန်းထားခဲ့ရာ .....
မေး ကဲ .... ဒီတစ်လ အတွင်း အတွေ့အကြုံလေး ပြောပါဦး ...?
ဖြေ ပြီးခဲ့တဲ့ နှစ်တော်တော်များများ ကာလတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီလဟာ ကျွန်မအတွက် အပျော်ရဆုံးလ တစ်လပါပဲ .... ဒီတစ်လလုံး နီးပါး ကျွန်မ တောင်အာဖရိက မြေပေါ်မှာပဲ ရှိနေခဲ့ပါတယ် .... မနက်တိုင်း လမ်းလျှောက်ထွက်တိုင်း၊ ဘောလုံးပွဲကြည့်ဖို့ သွားရတိုင်း .... သတင်းစာထဲက အားကစား စာမျက်နှာတွေကို ဖတ်ရတိုင်း .... စိတ်လှုပ်ရှားစရာ အပြည့်ပါပဲ .... တောင်အာဖရိကသားတွေက ဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး သိပ်ဂုဏ်ယူနေကြသလို ပျော်လည်း သိပ်ပျော်တတ်ကြသူတွေပါ .... ကျွန်မ ဒီရောက်တဲ့နေ့ကတည်းက ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်စရာတွေကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခံစားလာမိပါတယ် .... ပြောရဦးမယ် ဒီကိုအလာ လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိနဲ့တွေ့တော့ သူက WaKa WaKa သီချင်းနဲ့အတူ စည်းချက်ကျကျ ဆိုက နေတာ တွေ့ခဲ့ရပါသေးတယ် .... အံ့သြစရာအတွေ့ အကြုံ တွေ မထင်ထားတဲ့ မြင်ကွင်းတွေ .... အများမှ အများကြီးကို တွေ့ကြုံရပါတယ်။
မေး ဘယ်ပွဲတွေကို ကြည့်ခဲ့သေးလဲ ...?
ဖြေ ဖွင့်ပွဲ လုပ်ပြီးတဲ့နောက် စကစားကြတဲ့ တောင်အာဖရိက - မက္ကဆီကို ပွဲကို ကြည့်ခဲ့ပါတယ် .... ပြီးတော့ အာဂျင်တီးနား-နိုင်ဂျီးရီးယားပွဲ၊ စပိန် - ပါရာဂွေး ပွဲတွေကိုလည်း ကြည့်ဖြစ်ပါတယ် .... ဒီကနေ့ ဟော်လန် - စပိန်ပွဲကို လည်း အားပေးဦးမှာပါ။
မေး ဘယ်အသင်းတွေကို ကြိုက်လဲ ...?
ဖြေ ကျွန်မ လက်တင် အမေရိက အသင်းတွေကို ကြိုက်တယ် .... ဒီကမ္ဘာ့ဖလားပွဲမှာ သူတို့ ကစားပုံဟာ အံ့သြစရာ ခြေစွမ်းတွေနဲ့ပေါ့ .... အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ ဘရာဇီး အသင်းတွေပေါ့ .... ဒါပေမယ့် စပိန်အသင်းဟာလည်း ချီးကျူးဖို့ကောင်းပါတယ်။
မေး ဘယ်သူ ဗိုလ်စွဲမလဲလို့ ခန့်မှန်းပေးနိုင်မလား ...?
ဖြေ ဘယ်သူတွေ ဘယ်နှဂိုး ရကြေမယ် သွင်းကြမယ်ဆိုတာတွေကို ကျွန်မ သိပါဘူး .... ဒါပေမယ့် ရှင်ဟာ ရေဘ၀ဲလေး ပေါလ်ကို ယုံကြည်နေမယ်လို့ ထင်ပါတယ် .... ဒီတော့ သူပြောတဲ့ အသင်းဟာ ကျွန်မနိုင်မယ်လို့ ထင်တဲ့ အသင်းပဲဖြစ်ရမှာပေါ့ .... စပိန် လေ ....

0 comments: