ကမ္ဘာ့ဖလားကို ယူရိုချန်ပီယံတို့ ဆွတ်ခူး

6:34 AM Posted In Edit This 0 Comments »
ကမ္ဘာ့ဖလားကို ယူရိုချန်ပီယံတို့ ဆွတ်ခူး

ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ဟော်လန် အသင်းတို့ ကစားခဲ့ရာ ယူရို ၂၀၀၈ ချန်ပီယံ စပိန် အသင်းက ဟော်လန်ကို ၁းဝ ဖြင့် အနိုင် ရရှိခဲ့ပြီး ဗိုလ်စွဲသွားပြီဖြစ်သည်။
ယင်းမှာ စပိန် အသင်းအတွက် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားကို ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ဟော်လန်မှာ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက်တွင် အုပ်စု ပွဲစဉ်မှ စ၍ ရှုံးပွဲမရှိ ကစား နိုင်ခဲ့သော်လည်း ယခု ဖိုင်နယ်တွင် စပိန်မှ ကွင်းလယ်လူ အင်နီယေစတာ၏ နောက်ကျ ဂိုးကြောင့် အရှုံးပေး ခဲ့ရသည်။ ပွဲစသည်နှင့် တစ်ပြိုင်နက် နှစ်သင်း စလုံး အလျင်အမြန် တိုက်စစ်ဆင်ကာ ကစား ခဲ့သောကြောင့် ပွဲမှာ ကြည့်ကောင်းခဲ့ပြီး ကစားပုံ ကြမ်းတမ်းမှု များဖြစ်ပေါ်ခဲ့၍ အ၀ါကဒ်များနှင့် အနီကဒ်တို့ ပြသ ခံခဲ့ရသည်။ ဒုတိယပိုင်း မိနစ် ၉၀ ပြီးဆုံးသည် အထိ ဟော်လန်နှင့် စပိန်တို့မှာ ဂိုးမရှိ သရေကျနေ၍ အချိန်ပိုမိနစ် ၃၀ ကစားရာတွင် စပိန်တို့ အခွင့်အရေး ရရှိခဲ့ပြီး ပွဲကစားချိန် ၁၁၇ မိနစ်တွင် ကွင်းလယ်လူ အင်နီယေစတာ က အနိုင်ဂိုး သွင်းယူသွားခဲ့သည်။
ဟော်လန်မှာ ပွဲကစားချိန် ၁၁၀ မိနစ်တွင် နောက်ခံလူ ဟိုက်တင်ဂါ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရ၍ ကစားသမား ၁၀ ယောက် တည်းဖြင့် ယူရို ချန်ပီယံ စပိန်အသင်းကို အတတ်နိုင်ဆုံး ဖိအားပေး ကစားခဲ့သော်လည်း နောက်ဆုံးတွင် ၁းဝ ဖြင့် အရှုံးပေးခဲ့ရပြီး ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဒုတိယနေရာကိုသာ ရရှိခဲ့ရသည်။
နည်းပြ ဗန်မာဝှစ်၏ ဟော်လန်အသင်းမှာ ၁၉၇၄၊ ၁၉၇၈ ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်များကဲ့သို့ပင် ယခုနှစ်တွင်လည်း ထပ်မံ၍ ရှုံးပွဲတွေ့ခဲ့ရပြီဖြစ်သည်။
စပိန်အသင်းမှာ လွန်ခဲ့သည့် ၂ နှစ်က ဥရောပ ချန်ပီယံဖြစ်ခဲ့သကဲ့သို့ ယခု ၂၀၁၀ တွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည့် စံချိန်တင်နိုင်ခဲ့ပြီး အထူးခြားဆုံးမှာ ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲတွေ့ခဲ့သော်လည်း ဗိုလ်လုပွဲတွင် အနိုင်ရခဲ့သည့် ပထမဦးဆုံးသော အသင်းအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ယခင်က ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲတွေ့ခဲ့သော အသင်းများမှာ မည်သည့် အခါကမျှ ချန်ပီယံ ဖြစ်ခဲ့ကြခြင်း မရှိပေ။

0 comments: