|       မကြာခင်  ယှဉ်ပြိုင် ကစား တော့မည့် ယခုရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များထဲမှ  တစ်ပွဲ ဖြစ်သည့် အာဆင်နယ်-ဘာစီလိုနာ ပွဲစဉ် အတွက် အာဆင်နယ် နည်းပြ ၀င်းဂါးက  ယခုကဲ့သို့ အကြို ရင်ခုန်သံစကား ဆိုခဲ့ပါသည်။အင်တာဗျူး တစ်ခုတွင် အဆိုပါ  ပြင်သစ်သား နည်းပြကြီးက " ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဟာ  ပရိသတ်တွေ အတွက် နောက် ၁၀ နှစ် အတွင်းတောင် မရနိုင်တော့တဲ့ ခံစားမှု ရသကို ပေးမှာ  သေချာပါတယ်။ ဒီပွဲအတွက် ပရိသတ်တွေကတော့ မျိုးစုံ သုံးသပ် နေပေမယ့်  ကျွန်တော်တို့ကတော့ သိပ်မမှန်းရဲပါဘူး။ ၅၀-၅၀ အခြေအနေမှာပဲ ရှိနေပါတယ်။ အထူးသဖြင့်  တစ်ချိန်တုန်းက ကျွန်တော်တို့ဆီမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး အွန်နရီကို  ပြန်တွေ့ရမယ် ဆိုတော့ ၀မ်းသာ ပါတယ်။ အွန်နရီဟာ တစ်ချိန်တုန်းက အာဆင်နယ် အသင်းမှာ  နာမည် ကျော်ခဲ့ပါတယ်။ သူ့ရဲ့ အသင်းဟောင်းနဲ့ တွေ့ဆုံလို့  ဖြစ်လာမယ့် ခံစားချက်ကို  ကျွန်တော် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အနေနဲ့ အသင်းကောင်းဖို့အတွက်ပဲ  စဉ်းစားနေလို့ပါ။ ခံစားချက်နဲ့ ဆိုင်တဲ့ ကိစ္စတွေဟာ ကျွန်တော်တို့ အတွက်  အချိန်ကုန်စေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ  ကျွန်တော်တို့ကို နိုင်ခဲ့ပါတယ်။ အခုတော့ အဲဒီ ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့  ကျွန်တော်တို့ အခွင့်အရေး ကြုံလာပါပြီ။ အွန်နရီဟာ အရင်က ကျွန်တော့် တပည့်ပါ။  အခုတော့ ပြိုင်ဘက်တွေ ဖြစ်လာပြီမို့ ကျွန်တော့် အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး " ဟု  ပြောဆိုခဲ့သည်။
 | 
0 comments:
Post a Comment