လက်ထဲက ကြယ်...

3:45 PM Posted In Edit This 0 Comments »
Go to fullsize image

လက္ခဏာကြည့်တတ်တဲ့ သူငယ်ချင်းတစ်ဦးက ပြောတယ်။

"ဘဝမှာ လူတိုင်း ကိုယ်ပိုင်ကြယ်တစ်လုံးစီ ရှိကြတယ်။ အဲဒီကြယ်က
သူတို့ရဲ့ဦးတည်ရာကို လမ်းပြညွန်ကြားပေးနေတယ်။ လူအများစုရဲ့ကြယ်က
ကောင်းကင်ပေါ်မှာရှိတယ်။ ကြယ်သွားရာနောက် သူတို့လိုက်ရွေ့ကြပြီး
ကြယ်တွေနဲ့ သူတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ကြတယ်။ လူနည်းစုရဲ့ကြယ်က
သူတို့ရဲ့လက်ဖဝါးပေါ်မှာရှိတယ်။ အဲဒီကြယ်ကို သူတို့ဆုပ်ကိုင်ထားပြီး
ကိုယ့်ဦးတည်ရာကို သူတို့ကိုယ်တိုင်ရွေးခဲ့ကြတယ်"

ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာ ကြယ်တွေမရှိခဲ့လည်း ကိုယ်နဲ့ဆိုင်တဲ့
ကောင်းကင်ပေါ်ကကြယ်ကို ဇွဲလုံလပါတဲ့လက်တွေနဲ့ ကျွန်တော်တို့
ဆွတ်ယူခူးချပြီး ကိုယ့်ဦးတည်ရာကို ကိုယ်ပိုင်ဆုံးဖြတ်သင့်တယ်လို့
ကျွန်တော်ထင်တယ်။

အချိန်ဆိုတဲ့ သူခိုး

များသောအားဖြင့် မွန်ဂိုရီးယားလူမျိုးတွေက အသက်မမေးတတ်ကြဘူး။
"ဘယ်နှစ်ရာသီဖြတ်ခဲ့ပြီလဲ"ပဲ မေးတတ်ကြတယ်။ သဘောက နွေဦးရာသီကို
ဘယ်နှစ်ကြိမ် ဖြတ်ကျော်ခဲ့တယ်ဆိုတာဖြစ်တယ်။ သူတို့နိုင်ငံမှာက
ရာသီဥတုအပြောင်းအလဲက အရမ်းသိသာထင်ရှားတယ်။ နွေဦးရဲ့ ရွက်နု၊ နွေရာသီရဲ့
စိမ်းစိုမှု၊ မိုးရာသီရဲ့ အေးစက်မှု၊ ဆောင်းရာသီရဲ့ တိတ်ဆိတ်မှုတွေမှာ
ရာသီအလိုက် သူ့မြင်ကွင်းနဲ့သူရှိကြတယ်။ အဲဒီထဲမှာ နွေဦးရာသီက
လူကိုပိုနက်နဲတဲ့ ခံစားမှုတွေပေးတယ်။ ထိုင်ဝမ်လိုနေရာမျိုးကတော့ ရာသီဥတု
အပြောင်းအလဲက သိပ်မသိသာခဲ့ဘူး။ ပျားပန်းခတ်လှုပ်ရှားနေရတဲ့ ဘဝထဲမှာ
အပြောင်းအလဲသိပ်မရှိတဲ့ ရာသီဥတုကိုခံစားဖို့ ပိုခက်ခဲ့တယ်။ ပြက္ခဒိန်ပေါ်က
နောက်ဆုံးစာရွက်ကို ဆုတ်ဖြဲဖြစ်မှ လူတွေက "အော်..
တစ်နှစ်ကုန်ပြန်ပြီ"ဆိုတဲ့ ခံစားချက်ကိုရတယ်။

ရှေးကဗျာတစ်ပုဒ်မှာ "အချိန်တွေ တိတ်တိတ်လေး ခိုးလဲနေတယ်"တဲ့။ တင်ပြပုံ
အရမ်းကောင်းပါတယ်။ အချိန်ဆိုတဲ့လက်က နေ့ရက်တွေကို တိတ်တိတ်လေး
ခိုးလဲနေတယ်။ ကျွန်တော်တို့ခေါင်းပေါ်က ဆံပင်မည်းတွေကို ဆံပင်ဖြူနဲ့
ခိုးလဲနေတယ်။ သန်မာတာကို အိုမင်းတာနဲ့ ခိုးလဲနေတယ်။ သွက်လက်တာကို
နှေးကွေးတာနဲ့ ခိုးလဲနေတယ်။ ပိုဆိုးတာက ကျွန်တော်တို့ရဲ့ဘဝကို
သေဆုံးတာနဲ့ ခိုးလဲနေခဲ့တယ်။ ဒီလိုတွေးမိပြီးနောက် ပြောင်းလဲနေတဲ့ နာရီ၊
မိနစ်၊ စက္ကန့်တွေတိုင်းမှာ ကျွန်တော်တို့ဘာကြောင့် မနှိုးကြားနိုင်သလဲလို့
တွေးမိခဲ့ပြန်တယ်။

အချိန်ဆိုတဲ့ ဓာတ်လှေကား

အချိန်က ဓာတ်လှေကားဆိုရင် ကျွန်တော်တို့က ဓာတ်လှေကားစီးသူတွေဖြစ်မယ်။
ဓာတ်လှေကားစီးချိန် ဓာတ်လှေကား လှုပ်နေမှန်းသိတယ်။ ကိုယ်တိုင်လည်း
လှုပ်တာကို ခံစားရတယ်။ ဓာတ်လှေကားတံခါးဖွင့်တာနဲ့ တစ်ခြား
ပတ်ဝန်းကျင်သစ်တစ်ခုကို ကျွန်တော်တို့ ရောက်သွားတယ်။ ဒီပတ်ဝန်းကျင်က
တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် ဖြစ်နိုင်သလို၊ ဆူညံတဲ့
ပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ကို ထူးဆန်းအံ့သြစေတဲ့
နေရာလည်းဖြစ်နိုင်တယ်။ အချိန်ဆိုတဲ့ ဓာတ်လှေကားရွေ့လျားမှုကြောင့်
ကျွန်တော်တို့မျက်စိရှေ့မှာ ဘာဖြစ်လာနိုင်မယ်ဆိုတာကို ကျွန်တော်တို့
ကြိုတင်တွက်ဆလို့ မရခဲ့ဘူး။

ငါး

တကယ်လို့ လောကကြီးက မြစ်တစ်စင်းဆိုရင် ကျွန်တော်တို့က အဲဒီမြစ်ထဲက
ငါးတွေပဲဖြစ်မယ်။ ဒီမြစ်ထဲကနေ ခုန်မထွက်နိုင်ခဲ့သည့်တိုင်
မြစ်ကိုဆန်လိုက်စုန်လိုက်နဲ့ ကျွန်တော်တို့ကူးခတ်နေခဲ့တယ်။
ကျွန်တော်တို့မှာ စိတ်ပျက်ဝမ်းနည်းဖို့ အချိန်တွေ မရှိခဲ့ဘူး။
စိတ်ပျက်ဝမ်းနည်းတာတွေ မေ့လိုက်ချိန်ပဲရှိခဲ့တယ်။

တကယ်လို့ နောင်ဖြစ်လာနိုင်တာတွေကို မမွေးခင်ကတည်းက
ကျွန်တော်တို့ကြိုသိနိုင်ခဲ့ရင် ဒီလောကထဲ ကျွန်တော်တို့ရောက်လာရဲခဲ့ကြမယ်
မထင်ဘူး။ ရောက်လာပြီဆိုမှတော့ ဖြစ်ပျက်သမျှကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ပဲ
ရှိခဲ့တယ်။

သမ္မတ Franklin က "လူတွေက ဘဝအတွက် မွေးခဲ့တာမဟုတ်ဘူး။ မွေးခဲ့လို့
ဘဝဆိုတာရှိလာတာ" လို့ပြောခဲ့တယ်။ Gothicက "လောကကြီးထဲ ကျွန်တော်တို့
ဝင်လာရဲရင် လောကဓံရဲ့ခါးတီးမှုတွေကိုလည်း ကျွန်တော်တို့ခံရဲရမယ်"
လို့ဆိုခဲ့တယ်။

စိတ်ကူးယဉ်တဲ့ ရှဥ့်

တိရစ္ဆာန်အရောင်းဆိုင်တွေမှာ ရှဥ့်တွေကို ကျွန်တော်တို့
မကြာခဏတွေ့ရတတ်တယ်။ လူတွေကရှဥ့်ကို လည်တတ်တဲ့လှောင်အိမ်ထဲ ထည့်ထားကြတယ်။
ရှဥ့်ပြေးတာနဲ့ လှောင်အိမ်က တစ်ပတ်ပြီးတစ်ပတ် လိုက်လည်တယ်။

အင်္ဂလန်က နာမည်ကြီး ဝေဖန်ရေးဆရာ John Ruskinက ဒီလိုအဖြစ်ကို
"စိတ်ကူးအိပ်မက်" နဲ့ နှိုင်းယှဉ်ခဲ့တယ်။ "စိတ်ကူးအိပ်မက်ဆိုတာ
ရှဥ့်တစ်ကောင်ပါ။ ကိုယ့်ကိုယ် မြေပြင်ပေါ်မှာ ပြေးနေတယ်အထင်နဲ့
လှောင်အိမ်အဝိုင်းထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပျော်နေခဲ့တယ်" လို့
သူကဆိုခဲ့တယ်။

ရှဥ့်ကတစ်သက်လုံး ပြေးနေလည်း လှောင်အိမ်ထဲကနေ မလွတ်နိုင်ခဲ့ဘူး။
ဒါကြောင့် "စိတ်ကူးအိပ်မက်"ထဲမှာပဲ ကျွန်တော်တို့ ပျော်နေလို့မရဘူး။
အဲဒီအိပ်မက်ကို အကောင်အထည်ဖော်အောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ဖို့
လိုလိမ့်မယ်။
AungNaingWin

0 comments: