|     ပွဲစဉ် ၃၀ ကျော်လာပြီ ဖြစ်လို့  အရှိန်ကောင်း လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဘယ်သူ ဗိုလ်စွဲမယ်ဆိုတာကလည်း အမှတ်  မပြတ်တဲ့ ၃ သင်းကြောင့် အကြိတ်အနယ်နဲ့ ရင်ခုန်စရာ ပိုပြီး ကောင်းလာပါပြီ။လောလောဆယ် အနေအထား အရတော့ လက်ရှိ ချန်ပီယံ မန်ယူဟာ အာဆင်နယ်ထက် ၂ မှတ်အသာ၊  တစ်ပွဲလျော့ နေတဲ့ ချဲလ်ဆီးထက် ၄ မှတ် အသာနဲ့ ထိပ်ဆုံးက ပြေးနေပါတယ်။
 ချဲလ်ဆီးအနေနဲ့ လက်ထဲက ပွဲကျန်တစ်ပွဲကို နိုင်ရင်တောင် မန်ယူထက် ၁  မှတ်လျော့နေဦးမှာပါ။
 ဒါပေမယ့် ကစားဖို့က ၇ ပွဲကျန်သေးတာမို့  ခြေချော်တဲ့အသင်းဟာ ဒုက္ခများရမှာ ဖြစ်ပါတယ်။
 လက်ကျန်ပွဲစဉ်တွေကို  ကြည့်ရင်တော့ မန်ယူဟာ ချဲလ်ဆီး၊ မန်စီးတီး၊ စပါးတို့လိုအသင်းတွေနဲ့ ကစားရဦးမှာပါ။  တစ်ပွဲချင်းစီကို ပြောရရင်တော့ မန်ယူဟာ ဘောလ်တန်၊ ဘလက်ဘန်း၊ မန်စီးတီး၊  ဆန်းဒါးလန်းတို့နဲ့ အဝေးကွင်း ၄ ပွဲ၊ ချဲလ်ဆီး၊ စပါး စတုတ်တို့နဲ့ အိမ်ကွင်း ၃  ပွဲကစားရမှာဖြစ်ပါတယ်။
 အဝေးကွင်း ၄ ပွဲမှာ မန်စီးတီးနဲ့ ပွဲဟာ မန်ချက်စတာ  ဒါဘီမို့ အသေအလဲ ကစားရမှာဖြစ်သလို မန်စီးတီးကလည်း ချန်ပီယံလိဂ် ၀င်ခွင့်အတွက်  ကြိုးစား နေသူမို့ မလွယ်လှပါဘူး။ ပြီးတော့ ဘော်လ်တန်၊ ဘလက်ဘန်း၊ ဆန်းဒါးလန်းတို့ဟာ  မန်ယူကို အရင်တုန်းက အများကြီး ဒုက္ခမပေးနိုင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ  အိမ်ကွင်းပွဲတွေဆိုရင် အကြိတ်အနယ် ကြိုးစား နေကြ ပါတယ်။
 ဘလက်ဘန်း ဆိုရင်  မနေ့က အိမ်ကွင်းမှာ ချဲလ်ဆီး ကိုတောင် သရေ ကစား သွားနိုင်ခဲ့သူပါ။
 တစ်ခါ  မန်ယူရဲ့ အိမ်ကွင်း ၃ ပွဲကို ကြည့်ရင် ရာသီအပိတ်မှာ စတုတ်နဲ့ ကစားရမှာ ပြဿနာ  မရှိပေမယ့် ချဲလ်ဆီး၊ စပါးတို့နဲ့ ပွဲတွေဟာ အရေးပါလှပါတယ်။
 ဒါ့အပြင် မန်ယူဟာ  ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲ ၂ ပွဲကို ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင်ရယ် ...  ဘလက်ဘန်းနဲ့ပွဲ မတိုင်ခင်ရယ်မှာ ကစားရမှာမို့ ဘယ်ပွဲကိုမှ အမှားခံလို့ မရတဲ့  အနေအထားပါ။ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာရယ် ... နောက် ၄ ရက်အကြာမှာ  ဘိုင်ယန်ကို အိမ်ကွင်းမှာပဲ လက်ခံ ကစားရမှာရယ် တို့ကတော့ မန်ယူအတွက် နည်းနည်း  စိတ်သက်သာရာ ရစေပါတယ်။
 ချဲလ်ဆီးဘက်ကို ကြည့်ရင်လည်း ပို့စ်မောက်နဲ့  အဝေးကွင်းပွဲဟာ ထင်ထားသလောက် မလွယ်ပြန်ပါဘူး။ ဘာလို့လည်းဆိုတော့ ပို့စ်မောက်ဟာ  ဒုက္ခတွေကြားကနေ ကြိုးစားပြနေတဲ့ အသင်းမို့ပါ။ ပြီးတော့ ကျန်တဲ့ အဝေးကွင်း  ပွဲတွေမှာလည်း မန်ယူ၊ စပါး၊ လီဗာပူးတို့နဲ့မို့ အန်ဆလော့တီတို့အဖွဲ့  ကြိုးစားပြနိုင်မှ တော်ကာကျမှာပါ။
 လောလောဆယ် ဒုတိယနေရာကို ရောက်နေတဲ့  အာဆင်နယ်ဘက်ကို ကြည့်ရင်တော့ စပါး၊ ဘလက်ဘန်းတို့နဲ့ အဝေးကွင်း ကစားရမယ့် ပွဲတွေဟာ  အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၇  ဘာမင်ဂမ်နဲ့ အဝေးကွင်းပွဲဟာ  ထင်သလောက် မလွယ်နိုင်သလို နောက် ၄ ရက်အကြာ ဘာစီလိုနာကို ဧည့်ခံရမယ့် အိမ်ကွင်း  ပွဲကလည်း ရှိနေပြန်ပါတယ်။ အဲဒီပွဲအပြီး ၀ုလ်ဖ်ကို ဧည့်ခံရမယ့် အိမ်ကွင်းပွဲဟာ ပြဿနာ  မရှိနိုင်ပေမယ့် စပါးကွင်းကို သွားမကစားရခင် နူးကမ့်ကို သွားရမယ့် ဘာစီလိုနာ  ခရီးကြောင့် အာဆင်နယ်ဟာ ထင်သလောက် ပွဲမချောင်ပါဘူး။
 မန်စီးတီး၊ ဘလက်ဘန်း၊  ဖူလ်ဟမ်တို့နဲ့ ပွဲတွေဟာလည်း အမှတ်လွယ်လွယ်မရနိုင်တဲ့ ပွဲတွေမို့ လက်ကျန် ၇ ပွဲမှာ  မန်ယူ၊ ချဲလ်ဆီးတို့ထက် ချောင်တယ်ဆိုတာ စာရွက်ပေါ်မှာသာ ရှိနေပါသေးတယ်။
 တကယ်တမ်း တွက်ရင်တော့ မန်ယူဟာ ပွဲကျပ်တွေ ကျန်သေးတာ မှန်သလို ဘိုင်ယန်ကို  ကျော်ခဲ့မယ်ဆိုရင် ဆီမီးပွဲတွေကြောင့် ကစားရမယ့် ရက်တွေ စိပ်လာဦးမှာပါ။
 ချဲလ်ဆီးကတော့ ၁၀ ရက်နေ့မှာ ဗီလာနဲ့ FA ပွဲကစားဖို့ကလွဲပြီး ပရီးမီးယားပွဲတွေ  ချည်းပဲမို့ ပွဲစဉ်သိပ် မစိပ်လှပါဘူး။
 ဒီတော့ ပြောရမယ်ဆိုရင် ၂၀၀၉-၂၀၁၀  ပရီးမီးယား ဖလားရပိုင်ခွင့်ဟာ ၃ သင်းလုံးဆီမှာ အခွင့်အရေး ကိုယ်စီရှိနေဆဲပါ။
 အဲ ..... ကံကြောင့်ပဲဖြစ်ဖြစ် .... ကစားပုံကြောင့်ပဲဖြစ်ဖြစ် .... တစ်ပွဲတစ်လေ  ခြေချော်ခဲ့မယ်ဆိုရင်တော့ အဲဒီအသင်းဟာ တစ်နှစ်စာ ပေးဆပ်လိုက်ရခြင်း  ဖြစ်သွားလိမ့်မယ် ..... လို့သာ ......
 | 
0 comments:
Post a Comment