|     ယခုရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်  ပွဲစဉ်များထဲမှ ဘိုင်ယန်-မန်ယူ ပွဲစဉ်မှာ မန်ယူနည်းပြကြီး ဖာဂူဆန်အတွက်  စိတ်လှုပ်ရှားစရာ ဖြစ်လာမည်မှာ မလွဲပေ။ အကြောင်းမှာ အဆိုပါ နှစ်သင်းစလုံး အနေဖြင့်  ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်တွင် ဆုံခဲ့ဖူးကြခြင်းကြောင့် ဖြစ်သည်။ထိုစဉ်က မန်ယူ အသင်းမှာ ပွဲချိန် မိနစ် ၉၀ ပြည့်သည်အထိ ဘိုင်ယန် အသင်းမှ  မာရီယိုဘတ်စ်လာ၏ ဦးဆောင်ဂိုးကို ပြန်လည် မချေပနိုင်၍ တစ်ကမ္ဘာလုံးရှိ မန်ယူ  ပရိသတ်များနှင့် နည်းပြ ဖာဂူဆန်တို့ပင် လက်လျှော့နေခဲ့ပြီ ဖြစ်သည်။ သို့သော်  ကံတရား၏ ပြောင်းလဲ ဆန်းကျယ်မှုအရ ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်  နှင့် ၃ မိနစ်တို့တွင် ဆက်တိုက် သွင်းယူခဲ့သည့် ရှရင်ဂမ် နှင့် ဆိုးလ်ရှားတို့၏  ဂိုးများကြောင့် မန်ယူ အသင်းမှာ ဗိုလ်စွဲခဲ့သည်။
 အဆိုပါ အမှတ်တရ  အဖြစ်အပျက်မှာ နည်းပြ ဖာဂူဆန်အတွက် ၀မ်းသာအားရ ကျေနပ်စရာပင် ဖြစ်ခဲ့ရသည်။  ယနေ့လက်ရှိ အချိန်နှင့် တွက်ကြည့်မည် ဆိုလျှင် အထက် ဖော်ပြပါ ဖြစ်ရပ်မှာ ၁၁  နှစ်ကျော်နီးပါး ကြာညောင်းခဲ့ပြီ ဖြစ်သည်။
 ယခုတွင်လည်း ကံတရား၏ ဆန်းကျယ်မှုအရ  မန်ယူနှင့် ဘိုင်ယန်တို့မှာ ယခုရာသီ ချန်ပီယံလိဂ်တွင် ပြန်ဆုံကြရပြီ ဖြစ်သည်။  သို့သော် ယခင်ကကဲ့သို့ ဖိုင်နယ်တွင် မဟုတ်ပဲ ကွာတားအဆင့်၌သာ ရင်ဆိုင်ရခြင်း  ဖြစ်သည်။ မန်ယူ အသင်းမှာ ချန်ပီယံလိဂ် ဖလားကို နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် ၂၀၀၈  ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ဘိုင်ယန်မှာ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ်တွင်  ရခဲ့ခြင်း ဖြစ်သည်။
 ဘိုင်ယန် အသင်း အနေဖြင့် ယခုရာသီ ချန်ပီယံလိဂ်  ပြိုင်ပွဲတွင် အုပ်စုအဆင့်မှစကာ ဘော်ဒိုး၊ ဂျူဗင်တပ်၊ ဖိအိုရင်တီးနား  အသင်းများနှင့် ဆုံခဲ့ရဖူးပြီး မန်ယူမှာ CSKA မော်စကို၊ ၀ုလ်စ်ဘာ့ဂ်၊ မီလန် စသည့်  အသင်းများနှင့် ဆုံခဲ့ရ၍ အဆိုပါ နှစ်သင်း၏ ချန်ပီယံလိဂ်  ပြိုင်ပွဲလမ်းကြောင်းများမှာ ထင်သလောက် မလွယ်ကူခဲ့ပေ။
 ဘိုင်ယန်နှင့်  မန်ယူတို့မှာ ချန်ပီယံလိဂ် သမိုင်းတွင် ၅ ကြိမ် တွေ့ခဲ့ဖူးပြီး မန်ယူ အသင်းက ၁  ကြိမ် အနိုင်၊ ၂ ကြိမ်သရေ၊ ၂ ကြိမ်ရှုံးအပြင် ဘိုင်ယန်က ၂ ကြိမ်အနိုင်၊ ၂ ကြိမ်သရေ၊  ၁ ကြိမ်ရှုံး ရလဒ်များ ထွက်ပေါ်ခဲ့ဖူးသည်။
 ယခုရာသီတွင် ဘိုင်ယန် အသင်းမှာ  ကွင်းလယ် တောင်ပံ ကစားသမား ရီဘာရီ နှင့် ရော်ဘင်တို့ကို နှစ်ဦးကို အားပြု၍  ပြိုင်ပွဲများတွင် ကစားလေ့ရှိရာ အစပိုင်းတွင် အထ နှေးခဲ့သော်လည်း နောက်ပိုင်းတွင်  ခြေမှန် ပြန်ရကာ ပြည်တွင်း ဘွန်ဒစ်လီဂါ အမှတ်ပေး ဇယား အဆင့် ၁ နေရာကိုပင်  သိမ်းပိုက်နိုင်သည့် အခြေအနေသို့ ရောက်လာခဲ့သည်။
 မန်ယူ အသင်း မှာလည်း  ယခုရာသီတွင် တိုက်စစ်မှူး ရွန်နေးကို အဓိကထားပြီး ပွဲထွက်လေ့ ရှိပြီး ဆန်းပြားသည့်  တိုက်စစ် ပုံစံ များဖြင့် အစွမ်းပြနေသည့် အသင်းဖြစ်သည်။
 ဘိုင်ယန် အသင်းမှာ  ကစားခဲ့သမျှ ပွဲစဉ် အရပ်ရပ်တွင် ကွင်းလယ် ကစားသမားများဖြစ်သည့် ဗန်ဘွန်မဲလ်၊  ဗန်ဘိုင်တန်၊ ရှဝိန်းစတိုင်ဂါ တို့ကို အသားပေး အသုံးပြုလေ့ရှိသည်။
 ဘိုင်ယန်  နှင့် မန်ယူ အသင်းတို့မှာ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင်  တွေ့ဆုံခဲ့ဖူးပြီး ဘိုင်ယန်က မန်ယူကို နှစ်ကျော့ပေါင်းရလဒ် ၃း၁ ဖြင့်  အနိုင်ရထားခဲ့သည်။ ထိုသို့သော မရေမတွက်နိုင်သည့် အစဉ်အလာများကြား တည်ရှိနေသည့်  မန်ယူ အသင်းနှင့် ဘိုင်ယန်တို့ အနေဖြင့် မကြာခင် ကစားရတော့မည့် ချန်ပီယံလိဂ်  ကွာတားဖိုင်နယ်တွင် မည်သူက မည်သူ့ကို မည်ကဲ့သို့ ကျော်ဖြတ်သွားမည်ကိုမူ  စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
 | 
0 comments:
Post a Comment