လောက၌ အလှဆုံးတရားသည်...

4:23 PM Posted In Edit This 0 Comments »
လောက၌ အလှဆုံးတရားသည် … မေတ္တာ။
ကမ္ဘာလောကကြီးတစ်ခုလုံးကို အလှဖုံးစေနိုင်သော တရားသည်လည်း . . . မေတ္တာ။
သက်ရှိလောကအလုံးစုံကို သာယာ ချမ်းမြေ့နိုင်သည်မှာလည်း . . . မေတ္တာ။
လူလူချင်း ချစ်ခင်ကြင်နာ၊ စည်းလုံးညီညာ၊ ဖက်လဲတကင်း ရိုင်းပင်း ကူညီစေတတ်သော စွမ်းအားသည်လည်း. . . မေတ္တာ။
ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူနေသော အမျက်ဒေါသကို ငြိမ်းသတ်စေနိုင်သော ရေစင်ရေအေး သည်လည်း . . . မေတ္တာ။
မေတ္တာသည် ဘေးရန်ကင်းရှင်းစေလိုသောသဘေ
ာ၊ ကိုယ် စိတ်နှစ်ဖြာချမ်းသာစေ လိုသဘော၊ ကြီးပွားတိုးတက် စေလိုသော သဘောဖြစ်၏။
မေတ္တာသည် နူးညံ့သိမ်မွေ့၏။ သည်းခံခွင့်လွှတ်နိုင်၏။ အနစ်နာခံနိုင်၏။ ချစ်ခင်ယုယလို၏။ ကူညီရိုင်းပင်းလို၏။ ပေးကမ်းစွန့်ကြဲလို၏။
မိဘတို့သည် အနစ်နာခံ၊ အဆင်းရဲခံ သည်းညည်းခံ၍ သားသမီးများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ၊ ကောင်းစားရေးတို့ကို မနေမနား ကြိုးစားဆောင်ရွက်နေကြ သည်မှာ မိဘမေတ္တာကြောင့်ဖြစ်၏။ အေးမြသော မိဘမေတ္တာရိပ်ဝယ် ခိုလှုံကြရသော သားသမီးများ သည် ပူပင်သောက ငြိမ်းအေးခွင့်ရကြ၏။ ဘေးရန်ကင်းဝေး ကြ၏။ ကြည်နူးရွှင်လန်းကြရ၏။ လောကကို ရင်ဆိုင်ဝံ့ကြ၏။ မေတ္တာသည် မေတ္တာကို တုံ့ပြန်စေနိုင်၏။
တစ်ဦး မေတ္တာ တစ်ဦးမှာ ဆိုသော စကားသည် လူလူချင်းသာမက လူနှင့်တိရိစ္ဆာန်အကြား ၊ တိရစ္ဆာန်နှင့် တိရိစ္ဆာန်အကြားတို့၌လည်း မှန်ကန်သည်သာတည်း။
ရန်ကို ရန်ဖြင့် မငြိမ်းအေးစေနိုင်၊ မေတ္တာဖြင့်သာ ငြိမ်းအေးစေနိုင်၏။ မေတ္တာလွှမ်းခြုံလျှင် ဘေးရန်လုံ၏။
မေတ္တာသည် အစွမ်းထက်မြက်ဆုံးသော ပီယဆေးဖြစ်၏။ မေတ္တာရှင်အား လူနတ်ဗြဟ္မာနှင့် သတ္တ၀ါများ အားလုံးတို့ ချစ်ခင်ကြည်ညိုကြ၏။ မိမိ မေတ္တာဖြင့် သူတစ်ပါးတို့၏ မေတ္တာကို ညှို့ယူနိုင်၏။
မေတ္တာကို လူတိုင်းပိုင်ဆိုင်နိုင်၏။ အခကြေးငွေ ပေးဝယ်၍မရပါ။ မေတ္တာဖြင့်သာ ၀ယ်ယူနိုင်သည်။
မေတ္တာသည် သင်၏ဘ၀ကိုလည်းကောင်း၊ သင့်မိဘမောင်ဘွားများအားလည်
းကောင်း၊ သင်ကျင်လည်နေသည့် လောကကြီးတစ်ခုလုံးကိုလည်းကောင်း၊ လန်းဆန်းချမ်းမြေ့ သာယာစေမည်မှာ ဧကန်သာတည်း။

သစ္စာ
လောက၌ အမြတ်ဆုံးတရား. . အလိုအပ်ဆုံးတရား. . . ။
သစ္စာမြေပေါ်တွင် ရပ်တည်ပြီးသာ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်သည်။ လူလူချင်းတန်းတူဆက်ဆံ နိုင်သည်။
သစ္စာသည် လူ့အဖွဲ့အစည်းများကို မယိမ်းမယိုင်မကွေ့မကောက်ဘဲ ဖြောင့်ဖြောင့်တန်းတန်း ရှေ့သို့ တိုးတက် သွားစေ၏။
သစ္စာသည် မှန်ကန်မှု.. တရားမျှတမှုဖြစ်၏။
သစ္စာသည် မတရားမှုမှန်သမျှကို ဆန့်ကျင်၏။ လူလူချင်း နှိပ်စက်ညှင်းပန်းခြင်း၊ ချုပ်ချယ်အနိုင်ကျင့်ခြင်း၊

သစ္စာကို မြတ်နိုးသူအား သစ္စာတရားက ပြန်လည်စောင့်ရှောက်သဖြင့် ကောင်းကျိုးအဖြာဖြာကို ခံယူရမည်ဖြစ်၏။ သစ္စာရှင်သည် မုသားစကားကို မနှစ်သက်၊ မမှန်သောစကားကို မဆို၊ ဆိုပြီးသောကတိစကားကို မပယ်ဖျက်၊ ဆောင်ရွက်ရမည့် ၀တ္တရားများကိုလည်း မပျက်မကွက်ဆောင်ရွက်၏။ ၀စီသစ္စာနှင့် အရိယသစ္စာတို့၏ အရသာသည် အရသာ အပေါင်းတို့တွင် အချိုမြိန်ဆုံးသော အကောင်းမြတ်ဆုံးသော အရာဖြစ်၏။

မေတ္တာနှင့်သစ္စာ
ကမ္ဘာ့အလှဆုံးတရားနှင့် အမြတ်ဆုံးတရား. . .
လူတိုင်း၏ ဘ၀ကိုသာယာမြင့်မြတ်သော တရားနှစ်ပါး. . .
လူသားတို့၏ ဘ၀များနှင့် ကမ္ဘာလောကကြီးကို အကောင်းဘက် အပေါင်းလက္ခဏာ ဘက်သို့ပြုပြင် ပြောင်းလဲ စေရာတွင် အားအကြီးဆုံးသော စွမ်းအားနှစ်ပါး. . .
မေတ္တာရှင်သည် သစ္စာရှင် ဖြစ်နိုင်သည်။ သစ္စာသည် မေတ္တာရှင်ဖြစ်နိုင်သည်။
မေတ္တာနှင့်သစ္စာ တို့၏ တန်ဖိုးကို သိနားလည်သူတို့သည် ဤတရားနှစ်ပါးကို ရင်ဝယ်ပိုက်ထွေးထားကြမည် ဖြစ်သည်။
လူသားတိုင်း၏နှစ်လုံးသားဝယ်
စီးပွားရေးဖြင့် အမြတ်ထုတ်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ခိုးဝှက်လုယက်ခြင်း၊ နယ်ချဲ့ တိုက်ခိုက်ခြင်း စသည့် မတရားမှုများကို ပိတ်ပင်ဟန့်တား၏။ မေတ္တာနှင့်သစ္စာတရားတို့ ပွင့်လန်း ဝေဆာလာသောအခါ ဤကမ္ဘာလောကကြီး သည် အမြင့်မားဆုံးသော အတိုင်းအတာအထိ ငြိမ်းချမ်းသာယာ စည်ပင်ဝပြော လာမည်ဖြစ်သတည်း။
မေတ္တာရှေ့ဆောင် ပြုတိုင်းအောင်…
သစ္စာဆောင်က ဘ၀တိုင်းလှ။
မေတ္တာက မအောင်မြင်နိုင်သော ဘေးရန်သည်မရှိ။
သစ္စာက မစွမ်းဆောင်ပေးနိုင်သော အရာသည်မရှိ။
မေတ္တာတရားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့. . . ။
သစ္စာတရားဖြင့် ဘ၀ ငြိမ်းချမ်းရေးကို တည်ဆောက်ကြစို့. . . ။

ဒေါက်တာမင်းတင်မွန် (မေတ္တာ နှင့် သစ္စာ)

0 comments: