Basic Obstertics/Midwifery အခြေခံ သားဖွားပညာ

7:00 PM Posted In Edit This 0 Comments »

သင်ခန်းစာများ (1) အမျိုးသမီး မျိုးပွားစနစ်၏ ခန္ဓာဗေဒ၊ Anatomy of female reproductive system (2) ရာသီဆင်းခြင်း၊ Menstruation (Menstrual cycle) (3) သန္ဓေဖြစ်ခြင်း၊ Fertalization (4) ကိုယ်ဝန်မဟုတ်ပဲ ရာသီသွေးမဆင်းခြင်း၊ Secondary Amenorrhea (5) ကိုယ်ဝန်ဆောင်ခြင်း Pregnancy (6) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care (7) ဗိုက်စမ်းခြင်း၊ Abdominal examination (8) မွေးလမ်းကြောင်းအား စစ်ဆေးခြင်း၊ Vaginal examination (9) ကလေး၏ အနေအထားများ၊ Position and Presentation of the Fetus (10) Three Stages of Labor မွေးဖွားပုံအဆင့် (၃ ဆင့်) (11) အချင်း၊ ချက်ကြိုး၊ Placenta and Umbilical cord (12) မွေးဖွားနေစဉ် ကလေး၏ ခန္ဓာကိုယ်အနေအထား ပြောင်းလဲပုံ အဆင့်ဆင့် (13) မွေးဖွားခြင်းအကျဉ်းချုပ်Summary of labor (14) မွေးလမ်းကြောင်းချဲ့၍ မွေးပေးခြင်း၊ Episiotomy and Repair (15) အချင်းအားလက်ဖြင့် ထုတ်ပေးရခြင်း၊ Manual removal of placenta (16) မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်း Postdelivery (postpartum) period (PN Care) (17) ပုံမှန်မဟုတ်သော မွေးဖွါးခြင်း Complicated labor (18) မြန်မြန်မွေးအောင်လုပ်ပေးခြင်း၊ Induction and augmentation of labour (19) မွေးခါစကလေး Newborn Baby (20) တင်ပါးဆုံပြုခြင်း Breech Presentation (21) ကလေး တယောက်မကဖြစ်ခြင်း Multiple Pregnancy (22) မမွေးမီသွေးဆင်းခြင်း Antepartum haemorrhage (APH) (23) ကိုယ်ဝန်ပျက်ခြင်း Abortion (24) ဗိုက်ခွဲမွေးပေးခြင်း၊ Caesarean section (Cesarean section), C-section or Caesar (LSCS) (25) ကိုယ်ဝန်သွေးဆိပ်တက်ခြင်း Pre-eclampsia (PET) and Eclampsia or Toxemia (26) Ectopic Pregnancy သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း (27) လက်တွေ့ Practical training at Yamuna Clinic

(1) အမျိုးသမီး မျိုးပွားစနစ်၏ ခန္ဓာဗေဒ၊ Anatomy of female reproductive system
Uterus သားအိမ် 7.5 cm x 5 cm x 2.5 cm အရွယ်ရှိ၍ 30 to 40 gm လေးသည်။ အမျိုးသမီးများ၏ တင်ပဆုံရိုးကွင်း အတွင်း အလယ်၌ရှိသည်။ ၄င်း၏ရှေ့တွင် ဆီးအိမ်၊ နောက်တွင် အစာဟောင်းအိမ်၊ အောက်တွင် မွေးလမ်းကြောင်း ရှိသည်။ (သားအိမ်) ကို အပေါ်ထိပ်ပိုင်း၊ ကိုယ်ပိုင်း၊ လည်ပင်ပိုင်းနှင့် သားအိမ်အဝ ဟူ၍ ခွဲခြားနိုင်သည်။ သားအိမ်၏ ကိုယ်ထည်ပိုင်းအား ကြွက်သားဖြင့်ပြုလုပ်ထားသည်။ အထဲ၌ 6.25 cm ရှည်သော သားအိမ်အခေါင်းရှိသည်။ Utrine wall နံရံသည် ကြွက်သားဖြင့် လုပ်ထားသည်။

သားအိမ်ပြွန် Uterine (Fallopian) Tubes သားအိမ်၏ အထက်ပိုင်း ဘေးတဖက်တချက်စီမှ အခေါင်းပါသည့် 10 cm ရှည်သော သားအိမ်ပြွန် တခုစီရှိသည်။ ပြွန်၏ထိပ်ဝမှာ လက်ချောင်းပုံရှိသော အပေါက်ဝရှိသည်။ ၄င်းအပေါက်သည် ဝမ်းဗိုက်ထဲသို့ ပွင့်နေသည်။ ကိုယ်ဝန် လုံးဝမရစေရန် ခွဲစိတ်ပေးလျင် ၄င်းပြွန်နှစ်ဘက်လုံးအား ဖြတ်ပေးရသည်။

မျိုးဥအိမ်များ Ovaries သားအိမ်ပြွန်တခုစီ၏ အောက်နား တဖက်တချက်စီတွင်ရှိသည်။ 4 cm x 2 cm x 8 mm အရွယ် ရှိ၍ 2 to 3.5 gm လေးသည်။ တလလျင် မျိုးဥ ၁ ဥ ထွက်ပေးသည်။

သားအိမ်ဝ Cervix (Cx) သားအိမ်၏ အောက်ဆုံးပိုင်း ဖြစ်သည်။ အောက်တဝက်က မွေးလမ်းကြောင်းထိပ်အတွင်း ဝင်နေ သည်။ Internal Os အထဲပေါက်နှင့် External Os အပြင်ပေါက်တို့ရှိသည်။ အပြင်ပေါက်သည် ကလေးမွေးချိန်မှလွဲ၍ အမြဲ စေ့ပိတ်နေသည်။ တိုသော ရှေ့နုပ်ခမ်းနှင့် ရှည်သော နောက်နုပ်ခမ်းတို့ ရှိသည်။ (သားအိမ်ဝ) သည် တင်းမာ၍ ပန်းရောင် ရှိပြီး၊ ပြောင်ချောနေသည်။ ကိုယ်ဝန်ရှိလျင် အရောင်ပြာလာသည်။ White discharge အဖြူဆင်းခြင်း၊ Cancer ကင်ဆာ ဖြစ်ခြင်းတို့သည် သားအိမ်ဝမှာ ဖြစ်သည်ကများသည်။

မွေးလမ်းကြောင်း Vagina 3 inches (7.5 cm) ရှည်သည်။ ၄င်း၏ရှေ့တွင် ဆီးအိမ်၊ နောက်တွင် အစာဟောင်းအိမ်တို့ ရှိကြသည်။ ကြွက်သားဖြင့် ပြုလုပ်ထားသည်။

တင်ပဆုံရိုးကွင်း Pelvis gardle ကျား-မ တင်ပဆုံရိုးတို့၏ ခြားနာချက်များ = အမျိုးသမီးတင်ပဆုံရိုးသည် ပို၍သေး၊ ပို၍ ချောမွေ့၊ ပို၍ကျယ်ဝန်းသည်။ အထူးသဖြင့် အရိုးကွင်း၏ အထက်ဝင်ပေါက်သည် ပို၍ဘေးကားနေကာ ဝိုင်းသည်။ နောက်၌ရှိသော မီးညှောင့်ရိုးက ပို၍လှုပ်ရှားနိုင်ပြီး၊ အောက်ပိုင်း ထွက်ပေါက်သည် ဘေးသို့ကားသည်။

(2) ရာသီဆင်းခြင်း၊ Menstruation (Menstrual cycle)
ရာသီဆင်းခြင်းဖြစ်စဉ်သည် မိန်းကလေး Puberty အရွယ်ရောက်သည့်အချိန်မှ Menopause သွေးဆုံးချိန်အတွင်း မျိုးပွား (ဟော်မုန်း) အမျိုးမျိုးတို့၏ အနည်း-အများ အပြောင်းအလဲများကြောင့်ဖြစ်ရသည်။ မျိုးပွား(ဟော်မုန်း)များတွင် (အီစရိုဂျင်)၊ (ပရိုဂျက်စတီရုံး)၊ (ဖေါ်လီကူလာ-ဟော်မုန်း)၊ (လူတီရယ်-ဟော်မုန်း)တို့ပါဝင်သည်။ သားအိမ်း၏ အတွင်းနံရံသည် လစဉ် အထူအပါး ပြောင်းလဲနေသည်။ လအစ (ရာသီဆင်းပြီး)ချိန်၌ အပါးဆုံးဖြစ်ရာမှ တရက်ပြီးတရက် ထူလာသည်။ လလည် ရက်တွင် မျိုးဥအိမ်မှ မ-မျိုးဥ တဥထွက်သည်။ ၄င်းမျိုးဥသည် ကျားသုတ်ပိုးနှင့် တွေ့ပါက ကိုယ်ဝန်ဖြစ်မည်။ မ-မျိုးဥသည် ကျားသုတ်ပိုး နှင့် မတွေ့ပါက လကုန်သည်နှင့် သားအိမ်အတွင်း နံရံသည် အထူဆုံးအဆင့်မှ ပျက်စီးသွားကာ ရာသီသွေး အဖြစ် မွေးလမ်းကြောင်းမှ ဆင်းသည်။

မ-မျိုးဥ ခေါ် Ovum (အိုဗမ်) သည် Ovary မျိုးဥအိမ်မှ ထွက်သည်။ 0.2 mm အရွယ်သာရှိသည်။ မိန်းကလေး အရွယ်ရောက်ချိန်တွင် ၃ သိန်းရှိမည်။ အချို့သာလျင် ရင့်မည့်သောဥအဖြစ် ပြောင်းလဲ နိုင်သည်။ သွေးဆုံးချိန်၌ မရှိကြတော့ချေ။ ရာသီတလအတွင်း မ-မျိုးဥ ခေါ် (အိုဗမ်) ၁ ဥသာ ထွက်သည်။

ကျား-သုတ်ပိုး Sperm Cell (Spermatozoon)
Semen ခေါ် ကျားသုတ်ရည် ၁ မီလီလီတာတွင် Sperm Cell ပေါင်း သန်းချီပြီးပါနေသည်။ အမျိုးသမီး၏ မွေးလမ်းအတွင်း ၃ ရက်ကြာ ရှင်နေနိုင်သည်။ ထို့ကြောင့် ၄င်းရှင်နေစဉ် မ မျိုးဥ နှင့် တွေ့လျင် သန္ဓေတည်နိုင်သည်။

(3) သန္ဓေဖြစ်ခြင်း၊ Fertalization
ကျား-သုတ်ပိုးနှင့် မ-မျိုးဥတို့မှ သန္ဓေဖြစ်ခြင်း၊ Fertalization
မျိုးဥအိမ်မှ တလလျင် တကြိမ် ထွက်သည့် မ-မျိုးဥ တဥရှိနေစဉ် ကျား-မ အတူနေခဲ့လျင် ကျားသုတ်ပိုးက မွေးလမ်းထဲမှ ဝင်လာပြီး၊ သားအိမ်ပြွန်ထဲတွင် ၄င်းတို့ ပေါင်းစပ်ကာ။ (ဆဲလ်) ၁ ခုမှ ၂ ခု၊ ၄ ခု စသည် ပွားများလာသည်။ သားအိမ်ပြွန်ထဲမှ သားအိမ်ထဲသို့ ပြန် ဆင်းလာပြီး၊ ထိုမှတခါ (ဆဲလ်)ပေါင်း မြောက်မြားစွာ ပွားကာ သန္ဓေသား ဖြစ်လာသည်။ ကိုယ်ဝန်ရှိပြီ။ သန္ဓေသားသည် သားအိမ်ထဲ ဆင်းကာ၊ အတွင်းနံရံ၌ တွယ်ကပ်လိုက်သည်။ ထို အချိန်အထိ ၇-၈ ရက်ကြာသည်။ သန္ဓေသည် ရက်သတ္တ ၈ ပါတ် ဆိုလျင် ဦးနှောက်နှင့် အာရုံကြောမှလွဲလျင် အင်္ဂါစုံပြီ။ အချင်းဖြစ်ပြီ။ ၁၂ ပါတ်ရှိလျင် သားအိမ်အပြည့်ဖြစ်လာသည်။ ၁၄ ပါတ် ရှိလျင် ကျား-မ ခွဲလို့ရပြီ။ ၁၆-၁၈ ပါတ်ရှိပါက ကလေးလှုပ်သည်ကို သတိထားမိလာမည်။ တခါမွေးဖူးသူက စော၍ သတိထားမိသည်။

(4) ကိုယ်ဝန်မဟုတ်ပဲ ရာသီသွေးမဆင်းခြင်း၊ Secondary Amenorrhea
ကိုယ်ဝန်မဟုတ်ဘဲ၊ သွေးမဆုံးသေးဘဲ၊ မွေပြီးနို့တိုက်ချိန် မဟုတ်ဘဲ၊ ရာသီသွေးမဆင်းတော့ခြင်းသည် ကိုယ်အလေးချိန် အလွန်လျော့ခြင်း၊ တိုးခြင်းတို့ကြောင့်၎င်း၊ ဆေးဝါးများကြောင့်၎င်း၊ စိတ်ပူပန်မှုကြောင့်၎င်း ဖြစ်စေနိုင်သည်။ အကြောင်းရင်းကို ကြည့်၍ ကုသပေးရမည်။ Imperforate hymen အပျိုမြှေးသည် လုံးဝ ပိတ်နေသောကြောင့် ရာသီသွေးသည် အပြင် မထွက်နိုင်ဘဲ၊ သားအိမ်နှင့် မွေးလမ်းကြောင်းထဲတွင် စုနေသည့် မွေးရာပါရောဂါရှိသည်။ ခွဲစိတ်ပြုပြင်ပေးရသည်။

ကိုယ်ဝန်ရှိ-မရှိစမ်းသပ်ခြင်း၊ Pregnancy Test
၉၉% မှန်ကန်သည်။ ကိုယ်ဝန်စရှိပြီး ၁ဝ ရက်ကြာလျင် စမ်းရပြီ။ အမျိုးသမီး၏ ဆီးထဲတွင် (hCG) Human Chorionic Gonadotropin ခေါ် အချင်းကထွက်သည့် ဟော်မုန်း ရှိ-မရှိ စမ်းခြင်းဖြစ်သည်။ ဖြစ်နိုင်ပါက နံနက်ခင်းသွားသည့် ဆီးကို စမ်းရမည်။

(5) ကိုယ်ဝန်ဆောင်ခြင်း Pregnancy
ကိုယ်ဝန်ဆောင်ခြင်းဆိုသည် သန္ဓေသားတယောက်၊ သို့မဟုတ် တယောက်မက ရှိလာခြင်းဖြစ်သည်။ ကိုယ်ဝန်တခုကို ပဌမ (၃)လ၊ ဒုတိယ(၃)လ၊ တတိယ(၃)လဟု ပိုင်းခြား လေ့လာသည်။ ပဌမ (၃)လသည် ကိုယ်ဝန်ပျက်ရန် အဖြစ်နိုင်ဆုံး ကာလဖြစ်သည်။ ဒုတိယ(၃)လတွင် ကလေး၏ ဖွံ့ထွားမှုများကို ကောင်းစွာ စောင့်ကြည့်နိုင်ပြီ။ တတိယ (၃)လသည် ကလေးသည် ရှင်မလား၊ ဆေးမကူဘဲ မွေးမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးသည်။

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။
Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲပေးပါ။ ပရိုတင်းများများ ကြွေးသင့်ပြီး၊ အဆီနှင့်အစပ် လျော့သင့်သည်။ NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင် ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (Methylprednisolone 16 mg စားဆေး IV every 8 hours)ကို နောက်ဆုံး အဖြစ်ပေးနိုင်သည်။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးသင့်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။

ကိုယ်ဝန်ဆောင်စဉ် ပြောင်းလဲမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ်မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက်လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကိုအပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင်ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများသောက်ပါ။ အသီးအနှံများများစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယန်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့်ရေချိုးပါ။ နားနားနေနေနေထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့်အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက်မြှင့်ထားပါ။ လှည်းနေပါ။ အကြာကြီးမရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျားအရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

(6) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပါတ်မှ ၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈ ပါတ် မှ ၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ် မှ မွေးသည်အထိ တပါတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ANC လုပ်ပေး ရမည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ Body weight အလေးချိန်၊ Blood preassure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။

ANC မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ Primigravida သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟုမှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန် ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့်ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယ ကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ အမှန်မှာ EDD ၏ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေးမှတ်ရာတွင် ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာတွက်ယူပါ။

ဓါတ်ခွဲစမ်းသပ်ခြင်းများ အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• သွေးအုပ်စု။ (A, B, AB, or O)
• (အာရ်အိခ်ျ-ဖက်တာ) Rh factor
• သွေးထဲရှိ (ဟီမိုဂလိုဗင်) Hemoglobin (Hb)
• (ဟက်ပတိုက်တစ်-ဘီ) Hepatitis B virus
• ဆီးထဲရှိ သကြားဓါတ်နှင့် ပရိုတင်းဓါတ်၊ Urine Sugar and Albumin
• လိင်မှတဆင့် ကူးစက်ရောဂါများ (STDs)
• Ultrasound (အာလ်ထွာဆောင်း) ရိုက်ခြင်း၊

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်ဘီ (၁၂) အပါအဝင် Calcium ကယ်လ်စီယန် တို့ကို ပေးရမည်။

(7) ဗိုက်စမ်းခြင်း၊ Abdominal examination
ပဌမဆင့်
သားအိမ်၏အမြင့်ကို စမ်းခြင်း၊ လူနာ၏ ညာဖက်ကနေပါ။ ဝဲဖက် လက်ဝါးစောင်းဖြင့် ကိုယ်ဝန်၏ အမြင့်ဆုံးကို ရှာ၍ ကိုယ်ဝန်သည် မည်မျှကြာသနည်းကို ခန့်မှန်းရသည်။ ယင်းနေရာ၌ ကလေး၏ မည်သည့် အစိတ်အပိုင်း ရှိနေသနည်း။ ကလေး၏ ဦးခေါင်းသည် လုံးဝန်း၍ မာပြီး၊ တင်ပဆုံသည် ခေါင်းလောက်မမာ၊ ခေါင်းလောက် မလုံးဝန်းခြေ။ ကလေး၏ ဦးခေါင်းသည် ဇောက်ထိုး သို့မဟုတ် မိခင်၏ ဆီးစပ်ရိုးတွင် ရှိနေသည်က အများဆုံးဖြစ်သည်။ Breech ခြေကဖွါးမည့် ကလေးဆိုလျင် ကလေး၏တင်ပါးက မိခင်၏ ဆီးစပ်နေရာမှာ ရှိမည်။
• ဆီးစပ်ရိုးအထက် ကိုယ်ဝန်စပြီး စမ်းရချိန်သည် ၁၂ ပါတ် ၃ လ။ ကိုယ်ဝန် ၃ လထက်စောလျင် ဗိုက်ကနေ စမ်းမရ။ မွေးလမ်းကြောင်းထဲ လက်တဖက်ထည့်လျက် တဖက်က ဗိုက်မှ စမ်းရသည်။
• ချက်၏ အောက် ၂ဝ ပါတ်၊
• ချက်၏အထက် ၂၂ ပါတ်၊
• အမြင့်ဆုံးသည် ၃၈ ပါတ်၊ အမြင့်ဆုံး (ရင်ခေါင်းဆိုက်ချိန်) သို့မဟုတ် နံရိုးအောက်ဆုံးနှင့် ထိချိန်၊
• ၄ဝ ပါတ် မွေးခါနီးလျင် ကလေး ဦးခေါင်းအရိုးကွင်းထဲ ဝင်သွား၍ အနည်းငယ် အောက်ကျလာသည်။
ဒုတိယဆင့်
သားအိမ်ထိပ်မှာ လက်တဖက်တင်ထားလျက်၊ ကျန်လက်တဖက်၏ လက်မနှင့်ကျန်လက်ချောင်းတို့ဖြင့် ဆီးစပ်နေရာကို စမ်းပါ။ ဦးခေါင်း သို့မဟုတ် တင်ပဆုံတခုခု စမ်း၍ရမည်။ ၄င်းအစိတ်အပိုင်းအား ဘေးတဖက်တချက်သို့ လှုပ်ကြည့်ပါ။ မွေးကာနီး၌ ကလေး၏ဦးခေါင်းသည် မိခင်၏အရိုးကွင်းထဲ ဝင်လာပြီဆိုလျင် ဘေးတိုက် ရွေ့ကြည့်ပါက မရတော့။

တတိယဆင့်
ကိုယ်ဝန်၏ ဘေးတဖက်တချက်အား ညင်သာသော ဖိအားသုံး၍ မိမိ၏ လက်ဝါးနှစ်ဖက်ဖြင့် စမ်းရသည်။ ကလေး၏ ကျောရိုးဖက်နှင့် ရှေ့ဖက်တို့အားရှာရသည်။ ကျောရိုးသည် မာကြောသည်။ ရှေ့ဖက်မှာ ကလေး၏ လက်၊ ခြေများရှိသည်။ ကလေးအမွှာဖြစ်ပါက ခေါင်း ၂ လုံး ရှာ၍ ရမည်။ ကလေးကန့်လန့်ဖြစ်နေလျင် သိသာမည်။

ကိုယ်ရောင်ခြင်း။ တဆက်တည်း ခြေသလုံးရှိ အရိုးပေါ်က အရေပြားကို လက်ချောင်း တချောင်းဖြင့် ခဏဖိထားပြီး၊ ခွက်ဝင်သွားခြင်း ရှိ-မရှိစမ်းပါ။ ခွက်ဝင်လျင် ရောင်နေသည်။

Fetal Heart Sound (FHS) ကလေး၏ နှလုံးခုန်သံအား နားထောင်ခြင်း
ကိုယ်ဝန် ၂၂ ရက်ကစ၍ ကလေးနှလုံးစခုန်သည်။ ၉-၁ဝ ပါတ်ဆိုလျင် နားထောင်နိုင်သည်။ မိခင်၏နှလုံးခုန်သံသည် တမိနစ်လျင် ၁ဝဝ ထက်မပို။ ကလေးသည် ၁၂ဝ-၁၆ဝ ခုန်မည်။ ကလေး၏ ခါးရိုးဖက်က ပိုကြားရမည်။ နားကြပ်ဖြင့် ဖြစ်စေ၊ Fetal Doppler ကရိယာဖြင့် အကောင်းဆုံး ကြားရမည်။

ဗိုက်ထဲရှိကလေး၏ နှလုံးခုန်သံ FHS
ရက်သတ္တပါတ် ၂ မှ ၄ဝ အထိ
တမိနစ်လျင် ၁၂ဝ-၁၆ဝ

ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

(8) မွေးလမ်းကြောင်းအား စစ်ဆေးခြင်း၊ Vaginal examination
အပြင်မှစစ်ဆေးခြင်း အပြင်မှ အရောင်အဆင်း၊ ယားယံခြင်းလက္ခဏာ၊ အလုံး-အကြိတ်၊ တခုခုဆင်းခြင်း၊ မွေးရောပါရောဂါ ရှိမ-ရှိ ကြည့်ပါ။

မွေးလမ်းကြောင်းထဲ လက်ထည့်၍ စမ်းခြင်း
ကိုယ်ဝန်မဟုတ်သူများအား စမ်းခြင်း စမ်းသပ်သူ၏ လက် ၁ ချောင်းကို မွေးလမ်းကြောင်းထဲထည့်သွင်းလျက် တခြားလက်တဖက်က ဝမ်းဗိုက်၏ အောက်ပိုင်းအား ဖိထားကာစမ်းရသည်။ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ် စသည်တို့အား လက် ၂ ဖက်ဖြင့် ဖိ၍စမ်းရသည်။ ကိုယ်ဝန် ၃ လအောက် အား ဤနည်းဖြင့် စမ်းနိုင်သည်။ သားအိမ်အဝ နှင့် အဝ၏ ဘေးနေရာများ စမ်းလျင် နာ-မနာ စစ်ဆေးပါ။ ပိုးဝင်နေက နာမည်။

ကိုယ်ဝန်ဆောင်အား စမ်းခြင်း။ စမ်းသပ်သူ၏ လက် ၁ ချောင်း သို့မဟုတ် ကလေးထွက်ခါနီးလျင် လက် ၂ ချောင်းဖြင့် စမ်းပါ။
(၁) သားအိမ်သည် ရှေ့က ဆီးအိမ်အပေါ်ကိုင်းနေခြင်း Antiverted Uterus (AV) သို့မဟုတ် နောက်ဖက်သို့ ကိုင်းနေခြင်း Retroverted uterus (RV) တမျိုးမျိုးရှိမည်။ ပုံမှန်သာဖြစ်သည်။
(၂) သားအိမ်အဝ၏ အကျယ်အားစမ်းသည်။ မွေးဖွားခြင်း ဒုတိယဆင့်တွင် ဝ စင်တီမီတာမှ ၁ဝ စင်တီမီတာအထိကျယ် လာမှ မွေးမည်။ လက်ချောင်း ၁ ချောင်းကျယ်သည်ကို 1/5 (1F) ဟု ခေါ်သည်။ 2/5, 3/5, 4/5 နောက်ဆုံး Os Full
(၃) သားအိမ်လည်ပင်း မည်မျှရှည်သနည်းကို စမ်းရသည်။ ပုံမှန်အားဖြင့် ၃-၄ စင်တီမီတာရှည်သည်။ မွေးခါနီးလေ တိုလေ ဖြစ်သည်။ တဖြည်းဖြည်း ပါးလာ-တိုလာသည်။ သားအိမ်အဝအထက် ကလေး၏ဦးခေါင်းကိုထိရန် မည်မျှ ဝေးသနည်းကို ကြည့်ရသည်။ သားအိမ်အဝ၏ အမာ-အပြော့ စမ်းသည်။ မွေးခါနီးလျင် ပြော့လာရမည်။
(၄) ကလေး၏ ဦးခေါင်းသည် မိခင်အရိုးကွင်းရှိ အကျဉ်းဆုံးနေရာဖြစ်သော (အစ်ချီရယ်-စပိုင်း) နှစ်ခု၏ အထက်-အောက် မည်သည့်နေရာတွင် ရှိနေသနည်း။ ၄င်း၏အောက် ရောက်လာလျင် ကလေးကို မွေးလမ်းကြောင်းက မွေးနိုင်သည်။ အတွေ့အကြုံရှိမှ စမ်းတတ်မည်။
(၅) သားအိမ် ကျယ်လာပါက ကလေး၏ဦးခေါင်းကို စမ်း၍ရမည်။ ဦးခေါင်းပေါ်တွင် ရေမြွာအိတ် (မပေါက်သေးပါက) ဖုံးနေမည်။ ညှစ်လိုက်လျင် စူလာမည်။ ကလေး၏ ဦးခေါင်းမဟုတ်ပါက တင်ပါးဆုံကို စမ်း၍ရမည်။ သို့မဟုတ်ပါက အချင်းကို စမ်းတွေ့ရမည်။

မွေးလမ်းကြောင်းအား Speculum ကရိယာဖြင့် စစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်တိုင်းအား စမ်းရန်မလို။ Speculum ကရိယာ ထည့်၍ မွေးလမ်းကြောင်းနှင့် သားအိမ်ဝထိပ် အရောင်၊ တခုခုဆင်းခြင်း ရှိ-မရှိ၊ အနာ-အလုံး-အကြိတ်ရှိ-မရှိ၊ နာကျင်ခြင်း ရှိ-မရှိ၊ သားအိမ်ထိပ်ဝ ပွင့်နေခြင်း ရှိ-မရှိ ကြည့်ပါ။

(9) ကလေး၏ အနေအထားများ၊ Position and Presentation of the Fetus
ကလေး၏ အနေအထားများဆိုသည်ကို ၂ မျိုး ကြည့်ရမည်။ ဒေါင်လိုက်လား၊ ကန့်လန့်လာ။ ဒေါင်လိုက်ဆိုလျင်လည်း မိခင်၏ဆီးစပ်နေရာတွင် Cephalic ခေါင်းလား၊ Breech တင်ပဆုံလား။ ခေါင်းဆိုပြန်လျင်လည်း ကလေး၏နောက်စေ့က ရှေ့မှာလား၊ နောက်မှာလား။

ပုံမှန်အနေအထား။ ကိုယ်ဝန် ၉၉့၅% တွင် ကလေးဒေါင်လိုက်၊ ဇောက်ထိုးနေမည်။ ထို့ပြင် ကလေး၏နောက်စေ့က ရှေ့၊ မျက်နှာက နောက်ရှိသည်။ ဦးခေါင်းကို ရင်ဘတ်ထိ အောင်ကွေးထားမည်။ ခြေ-လက်များက ရင်ဘတ်ရှေ့ကွေးနေသည်။ ဦးခေါင်း နှင့် ကိုယ်သည် တဖက်ဖက် အနည်းငယ် လှည့်နေမည်။

ပုံမှန်မဟုတ်လျင် ကလေး၏ ဦးခေါင်းက အထက်၊ သို့မဟုတ် ကလေးကန့်လန့်၊ တမျိုးမျိုးဖြစ်တတ်သည်။ ဦးခေါင်းက အောက်ရှိသော်လည်း မျက်နှာက ရှေ့လှည့်ဖြစ်နိုင်သည်။ မျက်နှာ၊ ပခုံး၊ တင်ပဆုံ၊ လက်မောင်း စသည်တို့သည် မွေးလမ်း ဆီသို့ ပြုနေတတ်သည်။ ဦးခေါင်း ငိုက်မနေပါက မွေးလမ်းပို၍ကျယ်ကျယ်လိုအပ်သဖြင့် အလွယ်နှင့်မွေးမရနိုင်။

Sinciput = လေး၏နဖူးထိပ် Occiput = ကလေး၏နောက်စေ့
အကောင်းဆုံး ကလေးအနေအထား
ကလေးဦးခေါင်းသည် ကောင်းကောင်း ကွေးနေခြင်းကြောင့် လုံးပါတ် အကျဉ်းဆုံး အနေအထားကိုရစေသည်။ ကလေး၏ ဦးခေါင်းက အောက်စိုက်နေပြီး၊ ကလေး၏မျက်နှာက မိခင်၏ နောက်ဖက် နှင့် ဘယ်ဘက် သို့မဟုတ် ညာဖက်သို့ မျက်နှာမူ နေသည်။ ကလေး၏ ဦးခေါင်းသည် ငုံ့ထားပြီး၊ မေးစေ့က ရင်ဘတ်နှင့် ထိနေသည်။ ခေါင်းမငုံ့ဘဲ နောက်စေ့ Occiput နှင့် နဖူး Sinciput တို့က ရေပြင်ညီတန်းနေလျင် ပို၍ကျယ် မည်။ မွေးလမ်းနှင့် မဆန့်ဖြစ်မည်။

ကလေးအနေအထား အမျိုးမျိုး
ပုံမှန် (ခေါင်းအောက်၊ မျက်နှာနောက်)။ ပုံမှန်မဟုတ်သော တင်ပဆုံပြုခြင်း၊ မျက်နှာပြုခြင်း၊ ပခုံးပြုခြင်း၊

(LOA) Left Occipito Anteria (နောက်စေ့–ဘယ်ဖက်-ရှေ့ပိုင်း ပြုနေခြင်း) (ပုံမှန်)
(ROA) Right Occipito Anteria (နောက်စေ့–ညာဖက်-ရှေ့ပိုင်း ပြုနေခြင်း) (ပုံမှန်)
(LOP) Left Occipito Posteria (နောက်စေ့–ဘယ်ဖက်-နောက်ပိုင်း ပြုနေခြင်း) (ပုံမှန်)
(ROP) Right Occipito Posteria (နောက်စေ့–ညာဖက်-နောက်ပိုင်း ပြုနေခြင်း) (ပုံမှန်)
(LOT) Left Occipito Transverse (နောက်စေ့–ဘယ်ဖက်-ဘေးတိုက် ပြုနေခြင်း)
(ROT) Right Occipito Transverse (နောက်စေ့–ညာဖက်-ဘေးတိုက် ပြုနေခြင်း)
Brow position မျက်ခုန်းပြုအနေအထား Face position မျက်နှာပြုအနေအထား Transverse position ကန့်လန့်အနေအထား
Face presentation မျက်နှာပြုသည့်အနေအထား (ဘာဖက်-ဘယ်ဘက်)

အမွေးသင်ခြင်း False labor pain သားဦးမိခင်များသည် အမှန်တကယ်မမွေးမီ မွေးချင်သလို ဗိုက်နာတတ်သည်။
Early rupture of membranes အချိန်စော၍ ရေမြွာပေါက်ခြင်း၊ ၁ဝ%သော မွေးလူနာများတွင် ဖြစ်တတ်သည်။ ရေမြွာရည်များဆင်းလာမည်။ တစိမ့်စိမ့် ဆင်းနိုင်သည်။ အများအပြား ဆင်းနိုင်သည်။ ပန်းထွက်သလိုလည်း ထွက်နိုင်သည်။ ရေမြွာပေါက်ပြီး တော်တော်နှင့် မမွေးပါက ရောဂါပိုးဝင်မည်။ ပဋိဇီဝဆေးပေးရမည်။

(10) Three Stages of Labor မွေးဖွားပုံအဆင့် (၃ ဆင့်)

First Stage ပဌမအဆင့်
ဗိုက်စတင်နာသည်မှ သားအိမ်အဝ လုံးဝကျယ်သည်အထိ။ Os full = ၁ဝ စင်တီမီတာ။ ဗိုက်သည် စနာလျင် နာလိုက် ရပ်လိုက်ဖြစ်သည်။ ထို့နောက် တိုး၍တိုး၍ နာလာမည်။ နာချိန်ကြာ၍ နားချိန်တိုလာမည်။ အနာလည်း ပိုနာလာရမည်။ ဝမ်းခြူပေးပါ။ သားအိမ်နှုတ်ခမ်းသည် ပြော့လာမည်၊ ပါးလာမည်။ နှုတ်ခမ်းသည် တိုလာမည်၊ အဝကျယ်လာ မည်။ ဦးခေါင်း အောက်ဆင်းလာမည်။ မိခင်က ညှစ်ချင်လာမည်။ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက်ကလေးဆိုလျင် ၆-၈ နာရီ ကြာ တတ်သည်။ ကလေးခေါင်းက အစာဟောင်းအိမ်ကို ဖိတိုးသောကြောင့် ဝမ်းသွားချင်စိတ် ဖြစ်လာမည်။ ရေမြွာပေါက်မည်။ Show ရှိုး ခေါ် အကျိအချွဲ နှင့် သွေးရော၍ဆင်းမည်။ လိုအပ်လျင် ဆီးခြူပေးပါ။

Second Stage ဒုတိယအဆင့်
သားအိမ်အဝ အပြည့်ကျယ်လာပြီးနောက် ကလေးမွေးပြီးသည်အထိ။ မိခင်က ညှစ်ချင်လာမှသာ ဒုတိယအဆင့်ကို စနိုင်သည်။ သားအိမ် ကြွက်သားများက ညှစ်ခြင်းကြောင့် ကလေးသည် မွေးလမ်းကြောင်းထဲ ဆင်းလာသည်။ ခေါင်းသည် မေးနှင့်ရင်ဘတ် ထိနေအောင်ငိုက်လာ မည်။ တဖက်ဖက် စောင်းနေခဲ့ရာမှ တည့်လာမည်။ မွေးကာနီး ရေမွှာ ပေါက်မည်။ ရေမြွာမပေါက်သေးဘဲ၊ ကလေးခေါင်းထွက်မှ ပေါက်တတ် သည်လည်း ရှိသည်။ ရေမြွာရည်ကို စစ်ပါ။ ဦးခေါင်းသည် မိခင်၏ မွေးလမ်းအပေါက်မှ စထွက်ပြူလာသည်ကို Crowning သရဖူဆောင်း သည်ဟု ခေါ်သည်။ မွေးလမ်းအဝအနီး ရေနွေးဝတ်ဖြင့် ကပ်ပေးပါ။ ဝမ်းထွက်လာလျင် သန့်ရှင်းပေးပါ။

မိခင်ကို အားပေးပါ။ ဗိုက်မနာချိန်မှာ ရေ-အရည် အသောက်ခိုင်းပါ။ အသက်ကောင်းကောင်း ရှူရန်ပြောပါ။ ခေါင်းပြုလာလျင် သားဖွါးဆရာမ ၏လက်က ထွက်လာနေသည့် ကလေး၏ဦးခေါင်းထိပ်ကို အောက်ဖက် ဆီသို့ ဖိပေးပြီး၊ နောက်တဖက်က မိခင်၏မွေးလမ်းအဝ အောက်ပိုင်း နေရာကို ကလေး ဦးခေါင်းအား နောက်-အထက်ဆီသို့ တွန်းတင်ပေးရ မည်။ ခေါင်းစွပ် ချွတ်ပေးသလို ဖြစ်စေရမည်။ ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝမှ ရေပြင်ညီ တန်းတန်း ထွက်လာသည်မဟုတ်။ အောက်ဆီသို့ ဦးတည်ပြီး မွေးလာသည်။ မွေးလမ်းကြောင်းမှ ထွက်လျင် ထွက်ချင်း ကလေးဦးခေါင်းသည် အပေါ်သို့ ကော့်တက်လာမည်။

ကလေး၏ နှာခေါင်းနှင့် ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှ ပတ်နေ-မနေ စစ်ပါ။ ပတ်နေလျင် ဖြည်ပေးပါ။ ကလေး၏ မျက်နှာသည် တဖက်ဖက်သို့ လည်လာသဖြင့် မိခင်၏ပေါင် တဖက်သို့ မျက်နှာမူလာမည်။ ခေါင်းထွက်ပြီးလျင် ကလေး၏ပခုံးတို့သည် အထက်-အောက် အနေအထားအဖြစ် ပြင်လာမည်။ ရှေ့ပခုံးက စမွေးမည်။ မိခင်က နောက်တကြိမ် ညှစ်သည်နှင့် ကလေး၏ခေါင်းအား အောက် ဖက်ဆီသို့ အနည်းငယ် ဆွဲယူပေးပါ။ ပြီးလျင် နောက်ပခုံး မွေးရန် ကလေးအား အထက်ဆီသို့ ပင့်တင်ပေးရမည်။ ကိုယ်ပိုင်းနှင့် ခြေထောက်များ မွေးလာမည်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းဖြင့် 3 cm ခြာ၍ညှပ်ပါ။ ကလေးဖက်တွင် ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးဖြင့်ဖြတ်ပါ။ ကလေးခြေထောက်နှစ်ချောင်းပူးလျက် ဆရာမ၏ လက်တဖက်တည်းဖြင့် ကလေးကို ဇောက်ထိုး မြှောက်၍ ကိုင်ပါ။ မငိုသေးလျင် ကျောကို ပုတ်ပေးပါ။ ကလေးငိုလာမှ ချက်ကြိုးဖြတ်က ပိုကောင်းသည်။

သားဦးမိခင်သည် ၄၅ မိနစ်မှ ၁ နာရီ ကြာတတ်ပြီး၊ မွေးဖူးသည့် မိခင် များသည် ၁၅-၃ဝ မိနစ် ကြာတတ်သည်။ ကလေး ကောင်းနေပါက ထိုထက်မက ကြာလည်း ကိစ္စမရှိပါ။ နှလုံးခုန်သံ ကောင်းခြင်း၊ ရေမြွာရည် ကောင်းခြင်းတို့ဖြင့် ခန့်မှန်းရသည်။

Third Stage တတိယအဆင့်
ကလေးထွက်ပြီးနောက် အချင်းအား ထုတ်ပေးခြင်းအဆင့်။ သားဦးနှင့် မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိ။ ၅-၃ဝ မိနစ်အထိ ကြာ နိုင်သည်။ ကြာလေလေ သွေးထွက်များလေလေ ဖြစ်သည်။ အချင်းချ ပေးနေစဉ် အကူတယောက်က လက်တဖက်ဖြင့် မိခင်၏ ဝမ်းဗိုက် အောက်နား ဆီးစပ်မှ ထိန်းထားလျက် ကျန်လက်တဖက်က သားအိမ်၏ ထိပ်အား အောက်ဆီသို့ ပွတ်ခြေပေးပါ။ ချက်ကြိုးကို ခပ်တင်းတင်း ဆွဲထားနေပါ။ အားသုံးပြီး မဆွဲရ။ လိုအပ်လျင် လက်ထည့်၍ ဆွဲထုတ်ရ တတ်သည်။ Manual removal of placenta ခေါ်သည်။ မွေးပြီးလျင် ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။

(11) အချင်း၊ ချက်ကြိုး၊ Placenta and Umbilical cord
Placenta အချင်း၊
ကလေးနှင့် ချက်ကြိုးကတဆင့် သားအိမ်သို့ဆက်နေသော ကြီးမားသည့် အင်္ဂါဖြစ်သည်။ ၉ လက္မကျယ်၍ ၁ လက္မထူကာ၊ ၁ ပေါင်လေးသည်။ ချောမွေ့ပြီး ပြာသည့် မျက်နှာပြင်က ကလေးဘက်တွင်ရှိပြီး။ ကြမ်းပြီး နီသည့် မျက်နှာပြင်က သားအိမ်ဘက်ရှိသည်။ အချင်းအိပ်သည် ပါးလွှာ သော်လည်း တောင့်တင်းပြီး၊ ထုတ်ချင်းပေါက်မြင်နိုင်သည်။ အတွင်းလွှာ၊ အပြင်လွှာရှိသည်။ အရည်သည် ကြည်လင်ပြီး၊ ရေသာသာ အရောင်ရှိ သည်။

Umbilical cord ချက်ကြိုး
မွေးဖွားချိန်၌ ချက်ကြိုးသည် ၂ ပေခန့်ရှိသည်။ ၂၅% သည် ၁-၂ ပါတ် ပတ်နေနိုင်သည်။ အသာအယာနှင့် မြန်မြန် လျော့-ဖြေပေးပါ။ မရပါက (စပန့်ခ်ျ-ဖေါ့ဆက်ပ်) နှစ်ခုကို 3 cm ခြား ညှပ်ပြီး၊ ချက်ကြိုးကို ဖြတ်ပါ။ ဖြတ်သည်နှင့် ကလေးအတွက် အောက်စီဂျင် မရတော့။ ထိုသို့ ဖြစ်လျင် မွေးပြီးပြီးချင်း အသက်ရှူကူပေးခြင်းလုပ်ပေးရမည်။ ကလေးငိုမှသာ ချက်ကြိုးဖြတ်တာ ကောင်းသည်။

Umbilical cord ချက်ကြိုး
မွေးဖွားချိန်၌ ချက်ကြိုးသည် ၂ ပေခန့်ရှိသည်။ ၂၅% သည် ၁-၂ ပါတ် ပတ်နေနိုင်သည်။ အသာအယာနှင့် မြန်မြန် လျော့-ဖြေပေးပါ။ မရပါက (စပန့်ခ်ျ-ဖေါ့ဆက်ပ်) နှစ်ခုကို 3 cm ခြား ညှပ်ပြီး၊ ချက်ကြိုးကို ဖြတ်ပါ။ ဖြတ်သည်နှင့် ကလေးအတွက် အောက်စီဂျင် မရတော့။ ထိုသို့ ဖြစ်လျင် မွေးပြီးပြီးချင်း အသက်ရှူကူပေးခြင်းလုပ်ပေးရမည်။ ကလေးငိုမှသာ ချက်ကြိုးဖြတ်တာ ကောင်းသည်။

ချက်ကြိုးတွင် သွေးလွှတ်ကြော ၂ ခုနှင့် သွေးပြန်ကြော ၁ ခုတို့ ပါဝင် သည်။ ၄င်းသွေးကြောများမှတဆင့် ကလေးသည် မိခင်ထံမှ အစာ အာဟာရကိုရပြီး၊ အညစ်အကြေး စွန့်ပြစ်သည်။ ချက်ကြိုးသည် ဖြတ်ပြီး သည့်နောက် ၅-၁၅ မိနစ်ကြာ ခုန်နေနိုင်သည်။ ကလေး၏ချက်မှ ချက်ကြိုးမဖြတ်မီ ချက်ကြိုးထဲက သွေးများ ကလေးဆီရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ ကြီးလာလျင် ချက်ကြိုးသည် ဗိုက်အတွင်း အရွတ် အဖြစ် အသုံးမကျသည့်အရာ ဖြစ်သွားသည်။

ကပ်ကြေး၊ ညှပ်အားလုံးသည် ပိုးသန့်ပြီးဖြစ်ရမည်။ အရက်ပြန်၊ အိုင်အိုဒင်း ၁-၂% ဆေးထည့်ပေးရည်။ ခြောက်အောင်ထားလျင် ချက်မြန်မြန် ကြွေမည်။ ၁-၃ ပါတ်အတွင်း ချက်ကြွေမည်။ ချက်မကြွေ မချင်း ကလေးကို ရေပတ်တိုက်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

အချင်းထွက်ပြီးပါက Ergometrine IM ထိုးပေးလျင် ၆-၇ မိနစ် အတွင်း သက်ရောက်သည်။ Oxytocin 10 Units IM ထိုးပါက ၂့၅ မိနစ်အတွင်း သက်ရောက်သည်။ မွေးဖွားပြီး သွေးသွန်ခြင်းကို ကာကွယ်သည်။

(12) မွေးဖွားနေစဉ် ကလေး၏ ခန္ဓာကိုယ်အနေအထား ပြောင်းလဲပုံ အဆင့်ဆင့်

၁) Floating head ကလေးခေါင်း မဝင်သေးသည့်အဆင့်။ ခေါင်းအား မိခင်၏ ဆီးစပ်နေရာတွင် လှုပ်ကြည့်၍ ရသေးသည်။ မွေးလမ်းထဲ ဆင်းမလာသေး။ ကလေး၏ ဦးခေါင်ခွံအရိုးဆက်များသည် မိခင်၏ မွေးလမ်းအဝတွင် ၄၅ ဒီဂရီခန့် စောင်းနေသည်။
၂) Descent and Engagement အောက်သို့ဆင်းခြင်း၊ ကလေးဦးခေါင်းသည် သားအိမ်အဝတွင် ကျကျနန လာရောက် ထိစပ်လာသည်။ မွေးနေစဉ် တလျောက်လုံး မိခင်သားအိမ် ကြွက် သားများ၏ ညှစ်အားကြောင့် ကလေးသည် အောက်ဖက်သို့ ဆင်း ဆင်းလာသည်။ ကလေးသည် လည်ပင်းငိုက်၊ ခေါင်းကွေးလျက် ကျယ်နေသော သားအိမ်အဝတွင် ဝင်လာတော့မည်။ ဦးခေါင်ခွံအရိုး ဆက်များသည် မိခင်၏မွေးလမ်းအဝတွင် ၄၅ ဒီဂရီခန့် စောင်းနေဆဲ ဖြစ်သည်။
၃) Flexion ဦးခေါင်းငိုက်၍ကွေးခြင်း၊ သားအိမ်၏အပေါ်ထိပ်ပိုင်းက အောက်သို့ ဖိပေးနေစဉ် မပွင့်သေးသော သားအိမ်အဝ၏ ခုခံနေမှု ကြောင့် ကလေး၏ ဦးခေါင်းသည် အတတ်နိုင်ဆုံး ကွေးလာသည်။ ခေါင်း မွေးလမ်းထဲ ဆင်းလာသည်။ အနည်းငယ် လည်လာသည်။ ကလေး၏ ငယ်ထိပ်သည် မိခင်၏ မွေးလမ်းအဝတွင် ရှေ့-နောက် ဖြစ်လာတော့မည်။
၎) Internal rotation အထဲတွင်လှည့်ခြင်း၊ ကလေးအား အောက်သို့ တွန်းပို့ပေးနေစဉ် ဦးခေါင်းသည် မိခင်၏တင်ပဆုံတွင်း အခင်းအကျင်း များအရ လည်လာစေသည်။ ၄င်းအောက်ခံမျက်နှာပြင်မှာ ပုခက်ကဲ့သို့ ရှိသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် ကလေး၏လည်ပင်း လည်သွားရပြီး၊ ဦးခေါင်းသည် ၄င်း၏ပခုံးနှင့် တသားတည်း မရှိတော့ချေ။ ကလေး၏ မျက်နှာသည် မိခင်၏ နောက်တည့်တည့် မျက်နှာမူဖြစ်လာမည်။ ခေါင်းလည်သဖြင့် ကလေး၏ ငယ်ထိပ်သည် မိခင်၏ ဆီးစပ်ရိုး အောက်မှာ ရောက်လာသည်။
၅) Extension of the head ဦးခေါင်းအားဆန့်ထုတ်ခြင်း၊
ကလေး၏ ဦးခေါင်းသည် မိခင်၏ ဆီးစပ်ရိုးအောက်မှ ဆန့်ထွက် လာကာ ခေါင်းမော့လျက် မွေးဖွါးလာသည်။
၆) Restitution ဦးခေါင်းအား ကိုယ်နှင့် အလိုက်သင့်ရန်လည်ခြင်း၊ ခေါင်းမွေးဖွါးလာပြီး ကလေးဦးခေါင်းသည် အထဲရှိစဉ်က အနည်းငယ် ဘေးသို့ လှည့်ခဲ့ရသည်ကို ပြန်ပြင်လိုက်သည်။ ထိုအခါ ဦးခေါင်းနှင့် ပခုံးတို့ တသားတည်း ပြန်ဖြစ်လာသည်။ ၄၅ ဒီဂရီ လည်သွားခြင်း ဖြစ်သည်။
၇) Internal rotation of the shoulders အထဲ၌ ပခုံးလည်ခြင်း၊ ကလေးဦးခေါင်းထွက်ပြီးချိန် အထဲတွင် ကျန်နေသေးသည့် ပခုံးသည် ဦးခေါင်း အထဲမှာ ရှိစဉ်ကကဲ့သို့ အတွင်းလှည့်ခြင်း ဖြစ်လာသည်။ ထို့ကြောင့် ပခုံးတဖက်က အခြားတဖက်ထက် ရှေ့ရောက်လာသည်။ တဖက်သည် မိခင်၏ ဆီးစပ်ရိုးအောက်၌၄င်း၊ အခြားတဖက်က မိခင်၏ မီးညှောင့်ရိုးဖက်၌၄င်း ရှိလာသည်။ ထို့ကြောင့် ထွက်ပြီးသား ကလေး၏ ဦးခေါင်းသည် မိခင်၏ ပေါင်တဖက်ဖက်သို့ မျက်နှာမူသွား သည်။ ရှေ့ပခုံးမွေးလာပြီ။
၈) Lateral flexion ဘေးသို့ကွေးခြင်း၊ ရှေ့ပခုံးက စထွက်သည်။ နောက်ပခုံးလည်း အလားတူ လိုက်ထွက်လာသည်။ ထိုဖြစ်စဉ်သည် ကလေး၏ခန္ဓာကိုယ်သည် ဘေးတဖက်သို့ ကွေး၍ဖြစ်ရသည်။ ကျန် ကိုယ်နှင့် ခြေထောက်များ ဆက်၍ အလွယ်တကူ မွေးလာမည်။

(13) မွေးဖွားခြင်းအကျဉ်းချုပ် Summary of labor
• ခန့်မှန်းမွေးမည့်ရက် EDD ၏ ရှေ့ ၁ ပါတ်၊ နောက်တပါတ်အတွင်း မွေးမည်။
• Primigravida သားဦးသည် ၁၂-၁၆ နာရီ ကြာတတ်ပြီး၊ မွေးဖူးသူများ ၆-၈ နာရီကြာတတ်သည်။
• ပိုးသန့်ပြီးသော ပစ္စည်းကရိယာများ အဆင်သင့် လုပ်ထားပါ။ ချက်ကြိုးညှပ်ရန် (ဖေါ့ဆက်ပ်) ၂ ချောင်း၊ ကပ်ကြေး၊ ချက်ကြိုးညှပ်ကလစ်၊ ကလေးအနှီး၊ ချွဲစုတ်စက်၊ အိုင်အိုဒင်း ၂% ဆေးရည်၊ မွေးလမ်းကြောင်း ချဲ့မွေးပေးရန် ပစ္စည်များ၊ ဝါဂွမ်း၊ (ဒက်တော) ဆေးရည်၊ ကလေးမွေး (ဖေါ့ဆက်ပ်)၊ ရေနွေး၊ ဆီးခြူပိုက်၊ ကျောက်ကပ်ပုံခွက်။
• မမွေးမီ သွေးအနည်းငယ်နှင့် အကျိအချွဲရော၍ ဆင်းသည်ကို Show (ရှိုး)ဟု ခေါ်သည်။
• ဗိုက်နာခြင်းသည် အစပိုင်းက နာချိန်တို၍ နားချိန်ကြာမည်။ ထို့နောက် နားချိန်တို၍ နာချိန်ပိုကြာလာရမည်။ ယင်းဖြစ်စဉ်အား မှတ်သားနေရမည်။
• ဗိုက်တကယ် နာ-မနာကို မိခင်၏ဝမ်းဗိုက်ပေါ် ဆရာမ၏ လက်ဝါး တင်ထားကာ သားအိမ်တင်းလာမှ သားအိမ် ညှစ်သည်ဟု မှတ်ပါ။ အနာခံစားမှု လူတယောက်နှင့်တယောက် မတူပါ။
• အဆင့်တိုင်း၌ မွေးလမ်းကြောင်းကို မကြာမကြာ စမ်းသပ်နေရမည်။ သို့သော် သွေးဆင်းပါက မစမ်းပါနှင့်။ APH အချင်းရှေ့ရောက်ဖြစ်ပါက သွေးပိုထွက်စေမည်။
• အဆင့်တိုင်း၌ မိခင်နှင့် ကလေးတို့၏ နှလုံးခုန်သည်ကို မပြတ်စစ်ဆေးပါ။ နှေးခြင်း-မြန်ခြင်းသည် မကောင်း။
• မိခင်၏ သွေးဖိအားကိုလည်း စစ်ဆေးနေပါ။ မွေးနေစဉ် သွေးကြောထဲ ဆေးသွင်းထားပေးနိုင်သည်။ ရေဓါတ်၊ ဆားဓါတ် ဖြည့်ရန်နှင့် အကြောဆေး သွင်းပေးနိုင်သည်။ အစာမစားစေပါက အန်ခြင်းကို သက်သာမည်။ သို့သော် အက်စစ်ပျယ်ဆေးပေးရမည်။
• ကလေး ထွက်ခါနီးလျင် ရေမြွာပေါက်မည်။ တချို့က ရေမြွာစောပေါက်ပြီး။ အချို့က ရေမြွာပေါက်သည်နှင့် ကလေးထွက်မည်။
• ရေမြွာပေါက်ပြီး မမွေးသေးပါက အမြန်မွေးစေသည့် နည်းလမ်းများ သုံးရမည်။ Oxytocin or Syntocinon drip သွင်းပေးရသည်။
• ရေမြွာရေကို ကြည့်ပါ။ ကြည်လင်နေရမည်။ မကောင်းသည့် အနံ့မရှိရ။ အရောင်စိမ်း၊ ညစ်ပြီးအနံ့မကောင်းပါက ကလေးနစ်မွန်းနေသည်ဟု မှတ်ပါ။ အထဲတွင် ဝမ်းသွားခြင်း (Meconium) ကြောင့်ဖြစ်သည်။
• ကလေးထွက်လျင် ထွက်ချင်း ချွဲစုတ်ပေးခြင်း၊ လေမှုတ်ပေးခြင်း၊ အောက်စီဂျင်ပေးရန် လိုနိုင်သည်။
• ကလေးမွေးကာနီး ပေးသင့်သည့် အားဖြစ်စေမည့်ဖျော်ရည်။ Labourade recipe = ပျားရည် ၁/၄ ခွက်၊ ဆား ၁/၂ ဇွန်း။ သံပုရာရည် ၁/၃ ခွက်၊ (ကယ်လ်စီယံ)နှင့် (မဂ္ဂနီဆီယန်) ၁ ပြားစီ။ ရေအေး ၁ လီတာ။
• အချိန်လွန်သော်လည်း မမွေးသေးခြင်း၊ ၄၁-၄၃ ပါတ်အထိ မမွေးသေးပါက နောက်ကျသည်။ ပြဿနာမကြီးပါ။ ကလေး ကောင်း-မကောင်း ကြည့်ပါ။
• ဒုတိယအဆင့်၌ ကလေးခေါင်းသည် အချိန်တော်တော်ကြာမှ ထွက်လျင် ဦးခေါင်း၏ ဦးရေခွံ Scalp သည် ရောင်လာသောကြောင့် Caput succedaneum ခေါ် ဗောင်းထုပ်ကဲ့သို့ ဖေါင်းလျက် မွေးလာမည်။ ၁ ပါတ် အတွင်း အလိုအလို လျော့သွားမည်။

(14) Episiotomy မွေးလမ်းကြောင်းချဲ့မွေးပေးခြင်း
သားဦးတွင် လုပ်ပေးရတတ်သည်။ ထွက်လာမော့မည့် ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝနှင့် တင်းကြပ် နေသည်ဟု စမ်းသပ်တွေ့ရှိပါက လုပ်ပေးရမည်။ သားအိမ်အဝ လုံးဝပွင့်၍ ကလေး၏ ဦးခေါင်းထွက်ခါနီးမှ လုပ်ပေးရမည်။ ပိုးသန့်ဆေးများ လိမ်းပြီးနောက် ထုံဆေးထိုး ပေးပြီး၊ မွေးလမ်း အဝ၏ အောက်ပိုင်း အလယ်နေရာမှနေ၌ ဘေးတဖက်သို့ ၄၅ ဒီဂရီ စောင်းကာ ၂ လက္မခန့် ကပ်ကြေးဖြင့်ကိုက်ပေးရသည်။ ထိုသို့ ကိုက်ခြင်းမှာ (၁) အတွင်းဆုံးက မွေးလမ်းကြောင်း အရေပြား၊ (၂) အထဲကကြွက်သားနှင့် (၃) အပြင်အရေပြား၊ သုံးမျိုးတို့ ပါဝင်သည်။

ပြန်ချုပ်လျင်လည်း ယင်းအလွှာ သုံးမျိုးကို အစီအစဉ်အတိုင်း (၁)မွေးလမ်းကြောင်း အရေပြားအား Catgut 3/0 ဖြင့်၎င်း၊ (၂) အထဲက ကြွက်သားအား Catgut 2/0 ဖြင့်၎င်း၊ (၃)အပြင် အရေပြားအား အပ်ချည် သို့မဟုတ် ပိုးကြိုး သို့မဟုတ် နိုင်လွန်ကြိုးဖြင့်၎င်း ချုပ်ပေးရသည်။ အချင်းထွက်ပြီးလျင် ပြီးချင်း ချုပ်ပေးရသည်။ ချုပ်ရိုးကို (အင်တီ-ဆက်ပတစ်) ဆေးရည်ဖြင့် နေ့စဉ်နှင့် ဝမ်းသွား-ဆီးသွားပြီးတိုင်း ဆေးပေးရမည်။ အနာမရင်းစေရန် ပဋိဇီဝဆေးပေးရမည်။ အနာ သက်သာစေရန် ဆေးလည်းပေးရမည်။ ၅-၇ ရက်ကြာလျင် အပြင်ဆုံး အရေပြားချုပ်သည့် ချုပ်ရိုးကို ဖြေပေးရမည်။

Perineal Tear and Repair မွေးဖွားပြီး စုတ်ပြဲခြင်းကို ချုပ်ပေးခြင်း
မွေးပေးစဉ် အဆင်မသင့်ပါက မွေးလမ်းအဝ စုတ်ပြဲသွားတတ်သည်။ မွေးလမ်းကြောင်းအောက် အလယ်နေရာမှ စအိုဆီသို့ စုပ်ပြဲသွားတတ်သည်။
အဆင့်(၁) မွေးလမ်းကြောင်းအရေပြားစုတ်ခြင်း၊
အဆင့်(၂) မွေးလမ်းကြောင်းအရေပြားနှင့် ကြွက်သားစုတ်ခြင်း၊
အဆင့်(၃) မွေးလမ်းကြောင်းအရေပြား။ ကြွက်သားနှင့် စအိုထိန်း Anal sphincter စုတ်ခြင်း၊
အဆင့်(၄) မွေးလမ်းကြောင်းအရေပြား။ ကြွက်သား၊ စအိုထိန်း နှင့် အစာဟောင်းအိမ်အကာ Rectum စုတ်ခြင်း၊

Episiotomy ချုပ်နည်းအတိုင်း ချုပ်ပေးရသည်။ အနာကျက်သည်အထိ ဝမ်းချုပ်စေရန် လုပ်ပေးသင့်သည်။
(၁) မွေးလမ်းကြောင်းအရေပြားအား ဆက်တိုက်နည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 3-0 continuous suture
(၂) ကြွက်သားအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 2-0 Interrupted suture
(၃) အစာဟောင်းအိမ် စုတ်ခြင်းအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 2-0 Interrupted suture
(၄) စအိုအား ထိန်းသည့်ကြွက်သားဝိုင်းအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း Catgut 0 Interrupted suture
(၅) အရေပြားအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Thread or Silk Interrupted suture

(15) အချင်းအား လက်ဖြင့်ထုတ်ပေးရခြင်း၊ Manual removal of placenta
အချင်းသည် တော်တော်နှင့် မကျပါက လက်ဖြင့် ထုတ်ယူရမည်။ လက်တဖက်က ချက်ကြိုးတလျောက်မှနေ၍ မွေးလမ်း ကြောင်းထဲ၊ ဆက်၍သားအိမ်ထဲ သွင်းပါ။ ကျန်လက်တဖက်က ဗိုက်အပေါ်မှနေ၍ သားအိမ်၏ ထိပ်ပိုင်းအား ထိန်းထား လျက်၊ အထဲလက်က အချင်းကို ဖြေးဖြေးချင်း ဆွဲထုတ်ရသည်။ အချင်းကိုလည်း ခွါယူရတတ်သည်။ လိုအပ်လျင် မေ့ဆေး၊ အိပ်ဆေးပေးရသည်။ အချင်းချနေစဉ် ချက်ကြိုးပြတ်သွားပါကလည်း ဤနည်းအတိုင်း လုပ်ပေးရသည်။ အချင်းအပိုင်းအစ ကျန်နေပါက သွေးဆင်းများမည်။ အချင်းထွက်ပြီးပါက Oxytocin 10 ထိုးပေးပါ။ BP, Pulse စစ်ဆေးပါ။ လိုအပ်လျင် သွေး၊ 5D, RL သွင်းပေးရမည်။

(16) မွေးဖွားပြီးနောက်စောင့်ရှောက်ပေးခြင်း Postdelivery (postpartum) period (PN Care)
မွေးပြီး ၆-၈ ပါတ်ကာလကို ခေါ်သည်။ သာမန်အားဖြင့် ပြဿနာမရှိ။ PPH ခေါ် မွေးပြီးသွေးသွန်ခြင်း၊ ဆီးအိမ်၊ ကျောက်ကပ်၊ ရင်သားရောင်ခြင်းတို့ ဖြစ်တတ်သည်။ နို့ရောင်ခြင်း၊ နို့နာဖြစ်ခြင်း၊ အနေအထိုင်ခက်ခြင်း၊ နာကျင်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ရုပ်ပိုင်းအပြောင်းအလဲများ ဖြစ်ခြင်း။

Lochia (လောခီရာ) မွေးဖွားပြီး အရည်ဆင်းခြင်း အရောင်နီသည်။ ၂-၃ ရက်နောက် ပန်းရောင်ဖြစ်လာသည်။ ၁ဝ ရက် နောက်ပိုင်း အဖြူရောင်။ အဝါရောင်ဖြစ်လာသည်။ နည်းနည်းလာမည်။ ၇-၁ဝ ရက်ထက်မပို။

ရာသီ ပြန်ဆင်းခြင်း ၇-၉ ပါတ်နေလျင် ရာသီပြန်ဆင်းမည်။ အစတွင် ရက်တို၍ နည်းမည်။ နောက်ပုံမှန် ဖြစ်မည်။ နို့တိုက်နေလျင် ကြာမှ ဆင်းနိုင်သည်။ ဆက်တိုက် ကိုယ်ဝန်ရှိသွားတတ်သေးသည်။

သတိပေးချက်များ = အပူချိန် ၁ဝ၄။ ပျို့-အန်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ သွေးဆင်းများလွန်းခြင်း၊ ရင်ဘတ်နာခြင်း ချောင်းဆိုးခြင်း၊ နို့နာ၍ ရောင်ခြင်း၊ မီးဖွားရာနေရာပတ်ဝန်းကျင်က အလွန်နာခြင်း။

(17) ပုံမှန်မဟုတ်သောမွေးဖွါးခြင်း Complicated labor
• Fetal Distress ဗိုက်ထဲကကလေး ဒုက္ခရောက်ခြင်း အောက်စီဂျင်မဝခြင်းကိုဆိုလိုသည်။ ကလေးနှလုံးခုန်နှုန်း ပြောင်းမည်။ ရေမြွာရေ နောက်မည်။ ရက်နောက်ကျ မွေးလျင်လည်း ဖြစ်တတ်သည်။ ကလေးမြန်မြန်မွေးအောင် လုပ်ပေးရမည်။
• Breathing Problems အသက်မရှူသည့်ပြဿနာ။ ချွဲစုပ်ခြင်း လေမှုတ်သွင်းပေးခြင်း၊ အဆုပ်ကိုဖိပေးခြင်း၊ အောက်စီဂျင်ပေးခြင်းတို့ လုပ်ပေးရမည်။
• Prolapsed Umbilical Cord မမွေးမီ ချက်ကြိုးကြွံထွက်လာခြင်း၊ ၁ဝဝဝ လျင် ၁ ယောက်ဖြစ်တတ်သည်။ ကလေးဆီ သွေးမလျောက်ဖြစ်တတ်သည်။ ကြိုးစားမရက ခွဲမွေးရတတ်သည်။
• Nuchal Cord ချက်ကြိုး လည်ပင်းပတ်နေခြင်း၊ ပြဿနာ မကြီးတတ်ပါ။
• Shoulder dystocia ခေါ် ကလေးပခုံး မမွေးနိုင်ခြင်း။ သားဖွါး-မီးယပ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ ကလေး ဆရာဝန်များ အကူအညီတောင်းပါ။ မိခင်ကို ပေါင်ရင်းအား သူမ၏ ဗိုက်ဆီသို့ ဦးတည်လျက် အတတ်နိုင်ဆုံး အကွေးခိုင်းပါ။ ဆီးစပ်နေရာကို အောက်သို့ ဖိပေးပါ။ ကလေး၏ရှေ့ပခုံးကို ဖိချပေးပါ။ ကလေး၏ပခုံးအား အလိုက်သင့်ရွေ့ပေးပါ။ တခါတရံ နောက်ပခုံးကို အရင်မွေးယူရတတ်သည်။ တခါတရံ မိခင်အား လေးဘက် ထောက်အနေအထားဖြင့် မွေးယူရတတ်သည်။ နောက်ဆုံးမရလျင် ကလေးခေါင်းအား အထဲပြန်ထည့်သွင်းပြီး ဗိုက်ခွဲမွေးပေးရတတ်သည်။ တခါတရံ ကလေး၏ ညှပ်ရိုးကို ချိုးပေးပြီးမွေးယူရတတ်သည်။ တခါတရံ မိခင်၏ ဆီးစပ်ရိုးအဆက်ကို ဖြတ်ပေးပြီး အထွက်ချောင်စေကာ မွေးပေးရတတ်သည်။
• Risk Factors During Pregnancy ကိုယ်ဝန်ဆောင်စဉ် တွေ့နိုင်သော အန္တရာယ်များ၊ အသက် ၁၅ နှစ်အောက် ကိုယ်ဝန်ဆောင်လျင် PET ဖြစ်နိုင်ခြေများ၊ အလေးချိန် မပြည့်သည့်ကလေးမွေးနိုင်။ အသက် ၃၅ နှစ်အထက် ဖြစ်လျင် သွေးဖိအားများတတ်၊ ဆီးချိုဖြစ်တတ်သည်။ ပြဿနာများတတ်သည်။ ပေါင်ချိန် ၁ဝဝ အောက်မိခင် ဖြစ်ပါက ကလေးပေါင်ချိန် နည်းတတ်သည်။ ဝလွန်းသည့် မိခင်၏ ကလေးလည်း ဝတတ်သည်။ PET ဖြစ်နိုင်ခြေ များသည်။ မိခင်၏အရပ် ၅ ပေထက်နိမ့်ပါက CPD အရိုးကွင်းကျဉ်း ဖြစ်နိုင်သည်။
• Problems in a Previous Pregnancy ယခင်ကိုယ်ဝန်ဆောင်စဉ်က ပြဿနာများ ယခင် ကလေးမွေးစဉ်က ပြဿနာ ရှိလျင် နောက်ကိုယ်ဝန်များလည်း ခက်တတ်။ ဆီးချိုရှိသည့်မိခင်မှ ဝလွန်းသောကလေးမွေးတတ်။ RH မတည့်က ကလေးကို သွေးလဲပေးရမည်။ ကလေးအမွေးများက သားအိမ်ညှစ်အား လျော့တတ်သည်။
• Disorders Present Before Pregnancy ကိုယ်ဝန်မဆောင်မီ ရှိနေသော ပြဿနာများ နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ သွေးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ လိင်မှတဆင့်ကူးစက်ရောဂါ၊ ဆီးချိုးရောဂါ၊ အသဲ၊ သည်းခြေလမ်းရောဂါ၊ ပန်းနာ၊ မတည့်သည့်ရောဂါ၊ လေးဘက်နာရောဂါ၊ သားအိမ်အလုံး၊ ကင်ဆာ၊ စသည်ရှိလျင် အထူးဂရုစိုက် မွေးပေးရမည်။

(18) မြန်မြန်မွေးအောင်လုပ်ပေးခြင်း၊ Induction and augmentation of labour
1. Artificial rupture of membranes ရေမွှာကို စော၍ဖေါက်ပေးခြင်း။
2. ကလေးအား မွေးလမ်းကြောင်းမှ မွေးလာနိုင်မည်ဟု ဆုံးဖြတ်ပါက Oxytocin 10 Units in drip သွင်းပေးရသည်။ ကလေးအမွေးများသူများ၊ ညှစ်အားနည်းသူမျာအား လုပ်ပေးနိုင်သည်။
3. ကလေးဦးခေါင်းအား Forceps delivery ညှပ်ဆွဲမွေးပေးခြင်း၊ သို့မဟုတ် Vaccum extraction လေစုပ်စက်ဖြင့်ဆွဲပေးခြင်း။

(19) မွေးကခါစကလေး၏ အလိုလိုတုံ့ပြန်မှု ၃ မျိုး Newborn Baby
၁) အသံပြင်းပြင်းပေးပါက လက်-ခြေများဆန့်ထုတ်တတ်သည်။ (မောရိုး-ရီဖလက်စ်) ဟုခေါ်သည်။
၂) ပါးတဖက်ကို ထိပေးပါက ၄င်းဖက်သို့ ခေါင်းလှည့်လာသည်။
၃) ပါးစပ်ထဲ တခုခုထည့်က စုပ်တတ်သည်။

Apgar scoring system (အက်ပ်ဂါ စကိုး) အမှတ်ပေးစနစ်ဖြင့် ကလေး၏ အခြေအနေအား အကဲဖြတ်ခြင်း
လက္ခဏာ ဝ မှတ် ၁ မှတ် ၂ မှတ်
အရောင် ပြာဖြော့ ကိုယ်ပန်းရောင်၊ ခြေ-လက်ပြာ ပန်းရောင်
အသက်ရှူခြင်း မရှိ နှေးနှေးရှူ၊ ၁ မိနစ် ၄ဝ အောက်ရှူ အသံကျယ်ငို၊ ၁ မိနစ် ၄ဝ ရှူ
နှလုံးခုန်ခြင်း မရှိ ၁ မိနစ် ၁ဝဝ အောက်ခုန် ၁ မိနစ် ၁ဝဝ ခုန်
ကြွက်သား ပြော့ ခြေထောက်သာလှုပ် ကောင်းစွာလှုပ်ရှား
ထိတွေ့မှုအားတုံ့ပြန်ခြင်း မရှိ နည်းနည်းရှိ ကောင်းစွာတုံ့ပြန်
၈-၁ဝ မှတ် ကောင်းသည်။ ၅-၇ မှတ် သင့်သည်။ ၃-၄ မှတ် ညံ့သည်။ ဝ-၂ မှတ် ဆိုးသည်။

(20) တင်ပါးဆုံပြုခြင်း Breech Presentation
ကလေးသည် မွေးဖွားသည့် လမ်းကြောင်း၌ ပုံမှန်ရှိရမည့် ခေါင်း မဟုတ်ဘဲ၊ တင်ပါးဆုံနှင့် ရှိနေခြင်းကို ခေါ်သည်။ ၃-၄% သောကိုယ်ဝန်သည် တင်ပါးဆုံနှင့် ရှိသည်။ ဂရုတစိုက် မွေးယူ၍ရသည်။ သို့သော် ကလေးနှင့် ချက်ကြိုးတို့အား ထိခိုက်ဒဏ်ရာ ရတတ်သည်။ ကိုယ်ဝန်နုစဉ် တင်ပါးဆုံပြုသော်လည်း နောက်တွင် ခေါင်းသို့ လှည့်လာတတ်သည်။ ၇ဝ% အများဆုံးသည် ပေါင်ကွေး၊ ဒူးဆန့်နေ သည်။ ၁ဝ% အချို့က ပေါင်ရောဒူးပါကွေးနေသည်။ ၂ဝ% အချို့က ပေါင်တဖက် သို့မဟုတ် ၂ ဖက်လုံး ဆန့်နေသည်။ ခြေတဖက်ထွက်ခြင်းဖြစ်ပါက ခွဲမွေးရမည်။ လမစေ့ကလေး အသက်ရှင်ရန်လမ်း မရှိက မွေးလမ်းမှပင် မွေးပေးနိုင်သည်။

Breech အား ဝမ်းဗိုက်အပြင်ဖက်မှလှည့်ပေးခြင်း External cephalic version
တင်ပါးဆုံပြုနေခြင်းအား ကိုယ်ဝန်ရှိနေစဉ် ခေါင်းပြုစေရန် လှည့်ပေးနိုင်သည်။
သို့သော် မွေးလမ်းကြောင်းက သွေးယိုနေသူ၊ အချင်းက သားအိမ်ဝရောက်နေသူ၊ ကလေး သေးလွန်းသူ၊ ရေမြွာရေနည်းလွန်းသူ၊ ကလေးနှလုံးခုန် မမှန်သူ၊ ရေမြွာ စောပေါက်ထားသူ၊ အမွှာကိုယ်ဝန်များကို လုပ်ပေး၍မရ။
မွေးမည့်ရက်နှင့် နီးနေသူ၊ ရေမြွာရေ လုံလောက်သူ၊ ကလေးအလေးချိန် မနည်းသူ၊ ကလေး အမွေးများသူ၊ အချင်းပုံမှန်ဖြစ်သူများအား လုပ်ပေးပါက အောင်မြင်မည်။ ၆၅% အောင်မြင်သည်။

Breech အား ဝမ်းဗိုက်အပြင်ဖက်မှလှည့်ပေးခြင်း၏ အန္တရာယ်များ
ကလေးစောမွေးခြင်း၊ ရေမြွာစောပေါက်ခြင်း၊ သွေးထွက်ခြင်း (ကလေး၊ မိခင်)၊ ကလေးဒုက္ခရောက်ခြင်း၊ ပြင်ပေးပြီးမှ ပြန်ဖြစ်ခြင်း။

Breech ကိုယ်ဝန် အောက်ပိုင်း မွေးပေးခြင်း
သားအိမ်အဝ လုံးဝပွင့်ပြီး ကလေး၏တင်ပါးသည် မွေးလမ်းထဲဆင်းလာသည်နှင့် မိခင်အား ဗိုက်နာလျင် ညှစ်ရန်ပြောပါ။ လိုအပ်ပါက မွေးလမ်းကြောင်းအဝအား ချဲ့ပေးပါ။ ကလေး၏ တင်ပါး စမွေးလာမည်။ ခေါင်းမွေးသကဲ့သို့ လည်မည်။ ကလေး၏ တင်ပါးကို ကိုင်ပါ။ ဆွဲမထုတ်ပါနှင့်။ ပဌမခြေတဖက် မွေးပေးပါ။ ဒူးဆစ်ကို ကွေးအောင် ပြင်ပေးပါ။ ခြေခြင်းဝတ်အား ကိုင်၍ ဝမ်းဗိုက်ရှေ့မှ မွေးပေးပါ။ နောက်ခြေတဖက်ကိုလည်း မွေးပေးပါ။ ကလေး၏ တင်ပါးကို မိမိ၏ လက်နှစ်ဖက်နှင့် ကိုင်ပါ။ ခါး၏ အောက်ပိုင်းအထိ ထွက်လာမည်။ ခန္ဓာကိုယ်အား ဖိမကိုင်ပါနှင့် ကျောက်ကပ်၊ အသဲတို့အား ထိခိုက်စေနိုင်သည်။ ထို့နောက် ပခုံးကို မြင်ရမည်။

Breech ကိုယ်ဝန် လက်များမွေးပေးခြင်း
လက်များ အလိုလို ထွက်လာပါစေ။ လိုအပ်ပါက ရင်ဘတ်ရှေ့မှ ထွက်စေရန် ကူညီပေးပါ။ ကလေး၏ ခြေထောက်ကိုကိုင်လျက် မိခင်၏ ဝမ်းဗိုက်ဆီသို့ မြှင့်-နှိမ့် ပေးခြင်းဖြင့် ကလေးလက်များ မွေးရန် လွယ်ကူစေသည်။ မိမိ၏လက်ချောင်း ၁-၂ ချောင်းအား ကလေး၏ တဒေါင်ဆစ် အကွေးပိုင်းထဲ ထည့်၍ ကလေး၏လက်အား ကွေးထားစေကာ ကလေး၏ မျက်နှာ၏ ရှေ့မှ မွေးထုတ်ပေးရမည်။ နောက်လက် တဖက်ကို ဆက်မွေးပေးပါ။

ကလေးဦးခေါင်းအား မွေးပေးခြင်း၊ Mauriceau Smellie Veit manoeuvre
ဆရာမ၏လက်အား ကလေး၏ ပေါင်နှစ်ဖက်ထဲမှ သွင်း၍ ကလေး၏ ဝမ်းဗိုက်၊ ရင်ဘတ်ရှေ့မှ မတင်ထားပါ။ ကလေး၏ မျက်နှာသည် အောက်ဖက် လှည့်နေ သည်။ ကလေး၏ ပါးစပ်ထဲသို့ မိမိ၏ လက်ညှိုးအားထည့်ပြီး၊ လက်မနှင့် လက် ခလယ်တို့က ကလေး၏ပါးတဖက်စီဘေးမှာထားပါ။ မိမိ၏ ကျန်လက်တဖက်အား ကလေး၏ ပခုံးနှစ်ဖက်မှ ကိုင်ပါ။ ကလေး၏ မေးရိုးအား ဆွဲချလျက် ကလေး၏ ဦးခေါင်းကို ကွေးပါစေ။ ထို့နောက် ကလေးအား အောက်သို့ ဆွဲယူပါ။ နောက် ဆရာမတဦးက မိခင်၏ ဆီးစပ်ရိုး အထက်နားမှ လက်ဖြင့်ဖိခြင်းဖြင့် ကလေး၏ ဦးခေါင်း ကွေးစေအောင် အကူအညီ ပေးနိုင်သည်။

ကလေးဦးခေါင်း မွေးမရသေးလျင် ဆီးခြူပေးပါ။ ကလေး၏ကိုယ်အား အဝတ်ဖြင့် ပတ်ထားပါ။ လိုအပ်ပါက (ဖေါ့ဆက်ပ်)ဖြင့် မွေးပေးရသည်။ တခါတရံ ကလေး၏ ဦးခေါင်အား မိခင်၏ဝမ်းဗိုက် ဆီးစပ်အထက်နားမှ ဖိပေးနိုင်သည်။ တင်ပါးဆုံပြု ကလေး မွေးပေးအပြီး ကလေးကို ချွဲစုပ်ပါ။ ချက်ကြိုး ဖြတ်ပါ။ လိုအပ်လျင် CPR လုပ်ပါ။ အောက်စီဂျင် ပေးပါ။

မွေးပြီး ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။ ရောဂါပိုးကာကွယ်ရန် Ampicillin 2 g IV + Metronidazole 500 mg IV or Cefazolin 1 g IV + Metronidazole 500 mg IV ပေးပါ။

အကယ်၍ ကလေး၏ လက်များသည် ဆန့်တန်းနေပါက Lovset’s manoeuvre လုပ်ပါ။ ကလေးအား တင်ပါးမှကိုင်၍ ကိုယ်တဝက်လှည့်ပါ။ အောက်ဖက်ဆီသို့ ဆွဲပေးပါ။ နောက်ကျောဖက် ရောက်နေသော ကလေး၏ လက်သည် ရှေ့ဖက် ရောက်လာကာ ဆန့်နေသည့် ကလေး၏လက်က ထွက်ရန် လွယ်ကူလာမည်။ မိမိ၏ လက်ချောင်း ၁-၂ ချောင်းက ကလေး၏လက်အား ကလေး၏ ရှေ့မျက်နှာ ဖက်မှနေ၍ အသာအယာ ဆန့်တန်းဆွဲထုတ် ပေးရမည်။ ကျန်လက်ကိုလည်း မွေးထုတ်ပေးပါ။

ကလေးအား လှည့်ပေး၍မရပါက ရှေ့ပခုံး (နောက်ဖက်တွင်ရှိသော ပခုံး) ကို အရင် မွေးပေးပါ။ ကလေးအား ခြေခြင်းဝတ်နေရာမှ အထက်ကို မြှောက်ကိုင်ပါ။ ကလေး၏ကိုယ်အား မိခင်၏ပေါင်တဖက်ဆီသို့ ဆွဲယူပါ။ ကလေး၏ နောက် ဖက်က ဦးစွာတွေ့မည့်ပခုံးအား မွေးပေးပါ။ ထို့နောက် ကလေး၏လက်များ မွေးထုတ်ပါ။ ထို့နောက် ခြေမျက်စိကကိုင်၍ ကလေးအား အောက်ဖက်သို့ချကာ ဒုတိယပခုံးကို မွေးပေးပါ။ ဆက်၍ လက်မွေးပေးပါ။

(21) ကလေး တယောက်မကဖြစ်ခြင်း Multiple Pregnancy
အလေးချိန်များ၊ ဗိုက်အရွယ်ကြီး၊ ကိုယ်ဝန်ရှိစ လက္ခဏာများ Morning sickness ပိုဖြစ်၊ နှလုံးခုန်သံ ၁ ခုမက ကြားရမည်။ အမျိုးထဲမှာ အမွှာမွေးဖူးသူ ဖြစ်တတ်သည်။ အမွှာ နှစ်မျိုးဖြစ်နိုင်သည်။
1. Non-identical twins မတူသော မ မျိုးဥ ၂ ခုနှင့် ကျားသုတ်ပိုး ၂ ခုတို့မှ သန္ဓေတည်ခြင်း။
2. Identical twins တူသော မမျိုးဥ ၁ ခုနှင့် ကျားသုတ်ပိုး ၁ ခုတို့မှ သန္ဓေတည်ခြင်း။ ကလေးများ၏ ရုပ်လက္ခဏာ နှင့် စိတ်တို့လည်း တူညီကြသည်။

(22) မမွေးမီသွေးဆင်းခြင်း Antepartum haemorrhage (APH)
ဆင်တူရိုးမှားများ၊
• (ရှိုး) အများကြီးဆင်းခြင်း၊ Heavy Show
• သားအိမ်ထဲတွင် အချင်းကွာခြင်း၊ Placental abruption
• အချင်းရှေ့ရောက်ဖြစ်ခြင်း၊ Placental Previa
• သားအိမ်ကွဲခြင်း၊ Rupture Uterus သားအိမ်ကွဲပါက သွေးသည် မွေးလမ်းမှ၎င်း ဝမ်းဗိုက်ထဲသို့၎င်း ထွက်မည်။
• မွေးလမ်း၏ တခြားနေရာမှ သွေးဆင်းခြင်း၊ သားအိမ်အဝရောဂါမှ ဆင်းခြင်း၊ ခိုက်မိခြင်း၊ ကင်ဆာဖြစ်ခြင်း၊
• Threatened Abortion သားပျက်မည့်လက္ခဏာ။ Incomplete Abortion တဝက်တပြက်သားပျက်ခြင်း၊ Missed Abortion သားပျက်မလိုဖြစ်ခြင်း၊
• Ectopic Pregnancy နေရာလွဲ၍သန္ဓေတည်ခြင်း၊
သားအိမ်တွင်း၌ အချင်းကွာခြင်း၊ Abruptio Placentae (Placental abruption)
ကိုယ်ဝန် ၂ဝ ပါတ် နောက်ပိုင်း မမွေးမီ သားအိမ်ထဲတွင် အချင်းကွာခြင်းဖြစ်သည်။ ၁% ဖြစ်တတ်၊ ၂ဝ-၄ဝ% သေစေ တတ်သည်။ မိခင် သွေးအားနည်းမည်။ သွေးသွင်းပေးရမည်။ (ရှော့ခ်) ရတတ်သည်။ လူကြီး-ကလေး ဒုက္ခရောက်တတ် သည်။ ဖြစ်လျင် ဆက်တိုက် ဗိုက်နာမည်။ ဗိုက်တင်းမည်။ သွေးဆင်းမည်။ သွေးအားနည်းခြင်း လက္ခဏာများ တွေ့ရမည်။ LSCS ခွဲမွေးပေးရမည်။

အချင်းရှေ့ရောက်ဖြစ်ခြင်း၊ Placenta Previa အချင်းအနေအထားမမှန်ခြင်း
ဝ့၅% ဖြစ်နိုင်သည်။ မမွေးမီ သွေးဆင်းခြင်း APH ၏ အကြောင်းရင်း ဖြစ်သည်။ ကိုယ်ဝန် ၂ဝ ပါတ်မှ မမွေးမီအတွင်း သွေးဆင်းခြင်းဖြစ်သည်။ ဗိုက်မနာဘဲ သွေးဆင်းသည်။ အရေးပေါ်ကိစ္စဖြစ်သည်။ သွေးအားနည်းခြင်း လက္ခဏာများ တွေ့ရမည်။ မိခင်ရောကလေးပါ အန္တရာယ်ရှိသည်။ မွေးလမ်းကြောင်းမှမွေးမရ။ မွေးလမ်းကြောင်း စမ်းသပ်ခြင်း မလုပ်ရ။ LSCS ခွဲမွေးပေးရမည်။

Placental Praevia အချင်းရှေ့ရောက်ဖြစ်ခြင်း ၃ မျိုး
• Type I: အချင်းသည် သားအိမ်အဝထိသော်လည်း သားအိမ်ဝအားမဖုံး။
• Type II: အချင်းသည် သားအိမ်ဝအား တဝက်တပျက်ဖုံးသည်။
• Type III: အချင်းသည် သားအိမ်ဝအား လုံးဝဖုံးသည်။

(23) ကိုယ်ဝန်ပျက်ခြင်း Abortion
အလိုအလျောက်ပျက်ကျခြင်း၊ Spontaneous Abortion (Miscarriage) ကုသပေးရန်မလို။
အပြည့်အစုံပျက်ကျခြင်း၊ Complete Abortion ကုသပေးရန် မလို။
တဝက်တပျက်ပျက်ကျခြင်း၊ Incomplete Abortion D and C လုပ်ပေးရမည်။
ပျက်ကျစဉ် ပိုးဝင်ခြင်း၊ Septic Abortion ပဋိဇီဝဆေးများ ပေးပြီးမှ သားအိမ်ခြစ်ရသည်။ ATT ထိုးပေးရမည်။

သားအိမ်ချဲ့ခြင်း၊နှင့် သားအိမ်ခြစ်ခြင်း၊ D and C (Dilatation and Curretage) တဝက်တပျက် သားပျက်ခြင်းအတွက် လုပ်ပေးရသည်။ Utrine sound သားအိမ်တိုင်းတံ၊ Sim’s speculum မွေးလမ်းကြောင်းထဲ ကြည့်သည့်ကရိယာ၊ Vulsellum သားအိမ်ဝညှပ်။ Dilator သားအိမ်ဝချဲ့တန်၊ Curette ခြစ်တန်စသည့် ကရိယာတို့ကို အသုံးပြုရသည်။ သားအိမ်အဝကို ချဲ့တံဖြင့်ချဲ့ပေးပြီး၊ သားအိမ်ထဲက တစ်ရှူးများ ကုန်စင်အောင် အတွင်းမျက်နှာပြင်အားလုံးကို ခြစ်ထုတ်ပေးခြင်းဖြစ်သည်။
အခြားနည်းများ။ Manual Vacuum Aspiration (MVA) စုပ်ထုတ်ပေးနည်း။ ကိုယ်ဝန်နုလျင် Methotrexate or Mifepristone, followed by a Prostaglandin ဆေးများဖြင့် ဖျက်ချနည်း။ ကိုယ်ဝန်ရင့်လျင် Prostaglandin ဆေးဖြင့် ဖျက်ချနည်း။

(24) ဗိုက်ခွဲမွေးပေးခြင်း၊ Caesarean section (Cesarean section), C-section or Caesar (LSCS)
ဝမ်းဗိုက်အား ခွဲ၍ ကလေးမွေးပေးခြင်းကို ခေါ်သည်။ အများ အားဖြင့် ဗိုက်ခွဲပြီးနောက် သားအိမ်၏ အောက်ပိုင်းကိုခွဲသည်။ Lower Segment Caesarean Section (LSCS) ဟု ခေါ် သည်။ သားအိမ်၏ အပေါ်ပိုင်းအားခွဲသည်ကို Classical Caesarean Section (CS) ဟုခေါ်သည်။ အရေးပေါ်ကိစ္စများ၊ နောက်ထပ် ကလေးမွေးရန် မလိုတော့ခြင်း တို့အတွက် သုံးသည်။ အကောင်းဆုံးမှာ (LSCS) ဖြစ်သည်။ သားအိမ် ချုပ်ရိုး ပိုခိုင်မာသည်။ သွေးထွက် နည်းသည်။ အများဆုံး ၃ ကြိမ်အထိ ခွဲမွေးနိုင်သည်။ LA ထုံဆေး။ SA ခါးထဲထိုးရသည့် ထုံဆေး။ GA မေ့ဆေး အမျိုးမျိုးသုံးနိုင်သည်။

ဘာ့ကြောင့် ဗိုက်ခွဲမွေးပေးရသလဲ
1) အချိန်လွန် မမွေးနိုင်ခြင်း၊
2) ကလေး ဒုက္ခရောက်ခြင်း၊
3) မိခင် ဒုက္ခရောက်ခြင်း၊
4) ပြင်းထံသော ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
5) မွေးလမ်းအဝ(ရေယုံ)ရောဂါရှိခြင်း၊
6) ချက်ကြိုးကြွံခြင်း၊
7) သားအိမ်ကွဲခြင်း၊
8) ကလေးအနေအထား မမှန်ခြင်း၊
9) အခြားနည်းနှင့်မွေးအောင်လုပ်မရတော့ခြင်း၊
10) ကလေးကြီးလွန်ခြင်း၊
11) CPD အရိုးကွင်းနှင့် ကလေးအရွယ်မျှခြင်း၊
12) APH အချင်းနေရာ မမှန်ခြင်း၊
13) APH အချင်းအထဲ၌ကွာခြင်း၊
14) အရိုးကွင်း ပုံမှန်မဟုတ်ခြင်း၊
15) အရင်ကိုယ်ဝန်က ခွဲမွေးခဲ့ရခြင်း၊
16) မွေးလမ်းကြောင်း ဒဏ်ရာမရစေလိုခြင်း၊

(25) ကိုယ်ဝန်သွေးဆိပ်တက်ခြင်း Pre-eclampsia (PET) and Eclampsia or Toxemia
ကိုယ်ဝန်သွေးဆိပ်တက်ခြင်း (မတက်မီအဆင့်) Pre-eclampsia (PET)
ကိုယ်ဝန်ရှိစဉ် (၁) သွေးဖိအားတက်ခြင်း၊ High Blood Pressure (၂) ဆီးထဲ၌ (ပရိုတင်း) ပါနေခြင်း Urine Albumin နှင့် (၃) ကိုယ်ရောင်ခြင်း Oedema လက္ခဏာများရှိခြင်းကို ခေါ်သည်။ တခါတရံ ကိုယ်ဝန်ဖျက်ပေးရသည်အထိ ဆိုးတတ် သည်။ မွေးပြီး ၆ ပါတ်အထိလည်း ဖြစ်တတ်သည်။ သားဦးကိုယ်ဝန်တို့ ၅-၇% ဖြစ်တတ်သည်။ တတိယ ၃ လ ပိုင်းတွင် ပိုဖြစ် တတ်သည်။
ကုသရန်။ ဆေးခန်းကို မှန်မှန်လာပြစေပါ။ ဆီး၊ သွေးဖိအား စစ်ပါ။ ကလေးမွေးလျင် ပြန်ကောင်းသည်။ သွေးကျဆေး ပေးရန်လိုတတ်သည်။ ဆား လျော့စားရန်ပြောပါ။ မတက်စေရန် ဆားခါးထိုးဆေး Magnesium sulfate IV ပေးရသည်။

ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊ (တက်သည့်အဆင့်) Eclampsia or Toxemia
PET ရှိနေရာမှ တက်သည်အထိ ဆိုးလာသည်ကိုခေါ်သည်။ မမွေးမီ-မွေးစဉ်နှင့် မွေးပြီးချိန်များ၌ တက်တတ်သည်။
ကိုယ်ဝန်ရှိစဉ် သွေးဖိအားတက်ခြင်း၊ ဆီးထဲ၌(ပရိုတင်း)ဓါတ်ပါနေခြင်းနှင့်ကိုယ်ရောင်ခြင်း၊ ဆီးနည်းခြင်းလက္ခဏာများ ရှိသည်။ တက်ပုံတက်နည်းမှာ အစတွင် ခြေလက်များ တင်းတောင့် ဆန့်မည်။ ထို့နောက် ကွေးကောက်လာမည်။ လျာကို ကိုက်မိတတ်သည်။ အသက်ရှူကြွက်သားများ တက်၍ အသက်ရှူမမှန်-ရပ်ဖြစ်တတ်သည်။ တခါတက်လျင် (၃ဝ)စက္ကန့် ကြာသည်။ ပါးစပ်မှ အမြှုပ်ထွက်မည်။ သွေးပါနိုင်သည်။ သတိမေ့သွားမည်။ အသက်ရှူသံပြင်ပြင်းကြားရမည်။ နှလုံးခုန်ရပ် တတ်သည်။ အတက်ရပ် ထိုးဆေးပေးရသည်။

(26) Ectopic Pregnancy သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း
ကိုယ်ဝန်သည် သားအိမ်ပြင်၌လည်း တည်တတ်သည်။ သားအိမ်လည်ပင်းပိုင်း၊ သားအိမ်ပြွန်ပိုင်း၊ မျိုးဥအိမ် (အိုဗရီ)၊ ဝမ်းဗိုက်ထဲတို့မှာ သန္ဓေတည်နိုင်သည်။ သားအိမ်ပြွန်ထဲ အများဆုံးဖြစ်တတ်သည်။ လရင့်လာသည်နှင့် ပေါက်ထွက်မည်။
ဖြစ်တတ်သူများ သားအိမ်ပြွန် ခွဲစိတ်ထားခြင်း၊ ယခင်ကလည်း ထိုသို့ဖြစ်ဖူးခြင်း၊ သားအိမ်ထဲ ကိုယ်ဝန်မရှိစေရန် ပစ္စည်း ထည့်ထားခြင်း၊ တင်ပဆုံတွင်း အင်္ဂါများရောင်ခြင်း၊ ကလေးမရသူ။ ယောက်ျားတယောက်မကနှင့်နေသူ။ သားအိမ်အတွင်း ရောဂါ။ ကိုယ်ဝန်တားဆေး။ ဆေးလိပ်သောက်သူ။ ငယ်ငယ်နှင့် ကိုယ်ဝန်ဆောင်သူ။
ရောဂါလက္ခဏာများ၊ အရေးပေါ်ဖြစ်သည်။ ဗိုက်အောက်ပိုင်း အတင်းနာခြင်း၊ မွေးလမ်းမှ သွေးဆင်းခြင်း၊ (ရှော့ခ်) ရတတ် သည်။ ကိုယ်ဝန် ၇ ပါတ်၌ ဖြစ်တတ်သည်။
ကုသရန်။ အနာသက်သာဆေးပေးရမည်။ အရေးပေါ် ခွဲစိတ်ပေးရသည်။ Drips, Blood သွင်းပေးရန်လိုမည်။

0 comments: