First Aid Manual ရှေးဦးသူနာပြုလက်စွဲ

6:53 PM Posted In Edit This 0 Comments »
First Aid ရှေးဦးသူနာပြု ဆိုသည်မှာ ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ဆေးခန်း၊ ဆေးရုံမရောက်မီ သာမန်လူ တဦးဦးက အကန့်အသတ်ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်းကိုခေါ်သည်။ အခြေခံဆင်ခြင်တုံတရားဖြင့် စောင့်ရှောက်ရခြင်း လည်းဖြစ်သည်။ သို့ရာတွင် အသက်ကယ်ရန် အချို့ကိစ္စများအတွက် လက်တွေ့ သင်ကြား တတ်မြောက်မှု လိုအပ်သည်။ ဥပမာ Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ် ပြန်လည် အလုပ် လုပ်စေရန် ပြုလုပ်ပေးခြင်း။

ရည်ရွယ်ချက်များ
(1) အသက် ကယ်ရန်။
(2) နောက်ထပ် ထိခိုက်ဒဏ်ရာ မရစေရန်။
(3) လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန်။

တတ်ထားရမည့် အဓိကကြွမ်းကျင်မှုများ၊ (ဘီ ၃ လုံး)
(1) Breathing အသက်ရှူခြင်း၊
(2) Bleeding သွေးထွက်ခြင်း၊
(3) Bones အရိုးထိခိုက်ခြင်း၊

ရှေးဦးသူနာပြုခြင်း၏ (အေ-ဘီ-စီ)
(1) Airway အသက်ရှူလမ်းကြောင်းပွင့်နေခြင်း၊
(2) Breathing အသက်ရှူနိုင်ခြင်း၊
(3) Circulation သွေးလှည့်ပတ်နေခြင်း၊

First-aid kit ရှေးဦးသူနာပြုအိပ်
1. Adhesive tape ကပ်သည့် ပလာစတာ။
2. Adhesive bandages ဆန့်နိုင်ကြုံ့နိုင်သော ပလာစတာလိပ်။
3. Anesthetic spray ဖြန်းရသည့် ထုံဆေးပုလင်း၊
4. Antibiotic cream (Povidone-Iodine, Burnol ointment, Iodine 2%) ပဋိဇီဝပိုးသေဆေး။ အနာဆေးထည့်ရန်။
5. Antiseptic solution (Savlon, Hydrogen Peroxide) အနာ-ဒဏ်ရာတို့ကို ဆေးရန် ပိုးသန့်ဆေးရည်။
6. Bandages ပတ္တီးအရွယ်စုံ (၁ လက္မ၊ ၂ လက္မ၊ ၄ လက္မ၊)
7. Blanket စောင်။
8. Calamine Lotion အယားသက်သာစေသော ဆေးရည်၊
9. Cotton wool ဂွမ်းလိပ်၊
10. Ethyl alcohol ဆေးခန်းသုံး အရက်ပြန်ပုလင်း၊
11. First-aid manual လက်စွဲစာအုပ်။
12. Flashlight and extra batteries လက်နှိပ်မီး (ဓါတ်ခဲ)၊
13. Forceps ရိုးရိုး ဇာဂနာ(ညှပ်)၊
14. Artery Forceps သွေးကြောညှပ် ဇာဂနာ။ အရေးပေါ်သွေးထွက်နေသည့်ဒဏ်ရာမှ သွေးကြောအားညှပ်ရန်။
15. Eye/Ear drop and ointment မျက်စဉ်း။ နားထဲထည့်ဆေးရည်။
16. Gentian Violet မရမ်းရောင်ဆေးရည်။ မီးလောင်နာ။ လျာနာအတွက်လိမ်းရန်ဆေး။
17. Handiplast အသင့်ကပ်နိုင်သော ပလာစတာ။
18. Hot-water bag ရေနွေးအိတ်၊ ခြေလက်များ အေးစက်နေသည့်အခါ။ အနာအကိုက်သက်သာစေရန်။
19. Ice-water bag ရေခဲအိတ်၊ အဖျားတက်သည့်အခါ။ ယုတ်တရက် ဒဏ်ရာရသည့်အခါသုံးရန်။
20. Liniment လင်နမင် လိမ်းဆေးရည်။ အဆစ်၊ အရိုး၊ ကြွက်သားနာခြင်းအတွက်လိမ်းရန်။
21. Gloves လက်အိပ်။
22. Safety pins အပ်ချိတ်၊
23. Scissors ကပ်ကြေး။
24. Soap ဆပ်ပြာ။
25. Sterile gauze ပိုးသန့်ပြီးသား ပိတ်ကျဲစ။
26. Thermometer အပူချိန်တိုင်း ပြဒါးတိုင်။
27. BP apparatus သွေးဖိအားတိုင်းကရိယာ။
28. Triangular bandage သုံးဒေါင့်ပတ်တီး။
29. Domestic medicines အိမ်သုံးဆေးများ၊
30. Essential medicines မရှိမဖြစ်ဆေးများ၊

Cardio-pulmonary resuscitation (CPR) နှလုံးခုန်ရပ်ခြင်းနှင့် အသက်ရူ ရပ်ခြင်းကို ပြန်လည်လုပ်ပေးခြင်း
နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့် အကြောင်းများ
၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၎) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆိပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်း၊

နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ
A for Airway အေ အသက်ရှူလမ်းစစ်ဆေးပါ၊
B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှစ်လုံးခုန်စေသည့်စက်သုံးခြင်း၊

A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း၊
နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ။ သတိလစ်နေသည့်လူနာ၏လျာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်။ ထိုသို့ မပိတ်စေရန် လူနာ၏ လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့ မ-တင်ပေးထားရမည်။

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း၊
အသက်ရှူနေလျင် ရင်ဘတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းက လေထွက်မည်။ ထွက်လေသည် အပြင်လေထက် အနည်းငယ် ပိုပူသည်။ အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။

C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း
လည်ပင်း ဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအား စမ်းပါ။ (ကရောတစ်-အာထရီ)ဟုခေါ်သည်။ သို့မဟုတ် Pulse လက်ကောက်ဝတ် သွေးလွှတ်ကြေားအား စမ်းပါ။ ၄င်းတို့သည် သွေးခုန်ခြင်း မရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။

D for Defibrillation နှလုံးခုန်စေသည့် စက်အား အသုံးချခြင်း

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
• ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။
• လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။
• လူနာ၏ လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့ မတင်ပေးပါ။
• လူနာ၏ ပါးစပ်ကို ဖွင့်ထားပါ၊
• မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။
• ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေ လေသွင်းပေးပါ။
• ပါးစပ်ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေ လေသွင်းပါ။
• ပဌမဦးစွာ ၂ ကြိမ်လုပ်ပါ။ ထိုသို့လုပ်ရသည်မှာ အချိန် ၁ စက္ကန့်သာ ကြာမည်။
• လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန် မလိုပါ။
• နှစ်ကြိမ်လုပ်ပြီး ပြန်ရှူလာမည်။ မရှူသေးပါက CPR (စီ-ပီ-အာရ်)လုပ်ပါ။

CPR (စီ-ပီ-အာရ်) လုပ်နည်း
• လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊ မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။
• လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။ မိမိ၏ လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ ရင်ဘတ် အလယ်ခေါင်တည့်တည့် နို့အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ။
• မိမိ၏ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ မိမိ၏ လက်ဝါးနှစ်ဖက်က လူနာ၏ရင်ဘတ်ကို ဖိချပေးပါ။ ၂ လက္မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝ ပြန်ကြွလိုက်ပါ။ တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ပါ။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း ၂ ခါလုပ်ရမည်။ ရင်ဘတ်အား ဖိလိုက်-ကြွလိုက်လုပ်ခြင်း နှင့် ပါးစပ်မှ လေသွင်ခြင်းကို စုစုပေါင်း ၂ မိနစ်၊ သို့မဟုတ် ၅ ပါတ် လုပ်ပါ။

တနှစ်အောက်ကလေးအား (CPR) လုပ်နည်း
• အသက်ရှူလမ်း စစ်ဆေးပါ။ ပိတ်နေလျင် ဖွင့်ပါ။
• ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်၊ လေ ၂ ကြိမ် ညင်သာစွာ သွင်းပေးပါ။
• ကလေး၏ရင်ဘတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ဘတ်၏သုံးပုံတပုံ ပြားသွားအောင် ဖိပါ။
• တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်မှ လေသွင်းပါ။
• လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါ မှုတ်သွင်းပေးပါ။
• စုစုပေါင်း ၂ မိနစ် သို့မဟုတ် ၅ ပါတ် လုပ်ပါ။

Choking (ချုပ်ခ်)ဖြစ်ခြင်း၊ မရှူနိုင်-မမြိုနိုင်ဖြစ်ခြင်း
အစာတခုခု လည်ချောင်းမှာတစ်နေ၍ ဖြစ်ရသည်။ မရှူနိုင်-မမြိုနိုင်ဖြစ်နေ-မနေ မေးပါ။ မဖြေနိုင်ပဲ လက်ဟန် ခြေဟန်နှင့် ပြပါက အရေးကြီးနေသည်။ ရေ စသည် မသောက်မခိုင်းရ။ မျက်နှာပြာလာမည်။ အသက်မရှူနိုင်တော့။ လူနာအားရှေ့သို့ အနည်းငယ်ကိုင်းထားပါ။ မိမိက လူနာ၏ နောက်မှနေပါ။ မိမိ၏လက်တဖက်အား လက်သီးဆုပ် ထားပြီး၊ ကျန်တဖက်က ၄င်းလက်၏ လက်ကောက်ဝတ်နေရာမှာ ဆုပ်ကိုင်ပါ။ ၄င်းလက်များကို လူနာ၏ရှေ့ နံရိုးများ၏ အောက်နားတွင် ထားပါ။

လျင်မြန်စွာဖြင့် မိမိလက်နှစ်ဖက်အား အထက်နှင့် အတွင်းဖက်သို့ တွန်းတင်လိုက်ပါ။ လူနာသည် ချောင်းဆိုး ထုတ်လိုက်မည်။ အသက် ပြန်ရှူလာသည်အထိ ထပ်လုပ်ပါ။ လူနာက သတိလစ်နေလျင် ပက်လက်လှဲနေပါစေ။ မိမိက လူနာ၏အနီး ဒူးထောက်၍ ထိုင်ပါ။ မိမိ၏ လက်ဖနောင့်အား လူနာ၏ ဝမ်းဗိုက်၊ နံရိုးများအောက်နားတွင် တင်၍ မိမိ၏ နောက်လက် တဖက်ကို ထပ်ကာ အတွင်းနှင့်အထက်ဆီသို့ ဖိပေးပါ။ ၅ ကြိမ်လုပ်ပါ။ လိုအပ်လျင် (စီပီအာရ်) (CPR) လုပ်ပါ။

Bleeding သွေးယိုခြင်း

နှာခေါင်းသွေးယိုခြင်း
နှာခေါင်းထဲက သွေးပြန်ကြောလေး တခုခုပေါက်ခြင်းကြောင့် ဖြစ်ရသည်။ ကြောက်ရန်မလိုပါ။ အိမ်မှာပင် ကုသနိုင်သည်။
ဖြစ်စေသည့် အကြောင်းရင်းများ၊ ခြောက်သွေ့ခြင်း၊ ထိခိုက်မိခြင်း၊ နှာခေါင်းကိုဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ Aspirin ဆေး၊ နှာခေါင်းထဲ တခုခုဝင်ခြင်း၊ တခုခုနှင့် မတည့်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးချိန်တက်ခြင်း၊ သွေးမခဲရောဂါ၊ သွေးကြောကျဉ်း ရောဂါ။ Cocaine ကိုကိန်းဆေး။

ရှေ့ပိုင်းမှယိုခြင်း၊ နှာခေါင်းအား ပိုင်းထားသည့်အကန့်မှ ယိုခြင်းဖြစ်သည်။ နှာခေါင်းအား ထိုးမိ၍ဖြစ်သည်။ နှာခေါင်း၏ ရှေ့မှ ယိုမည်။ ရပ်-ထိုင်နေလျင်ယိုမည်။ ပူသောရာသီ၊ အေးလွန်းသောရာသီတို့၌ ဖြစ်တတ်သည်။

နောက်မှယိုခြင်း၊ နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။ နှာခေါင်းနောက် အာခေါင်သို့ထွက်မည်။ အသက်ကြီး၊ သွေးချိန်များ သူများမှာ ဖြစ်တတ်သည်။ ဆိုးဝါးနိုင်သည်။

ကုသရန် ထိုင်ပါ။ ရှေ့သို့ ကိုင်းထားပါ။ နှာခေါင်း၏ ပြော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။ ဆက်တိုက် ညှစ်ရမည်။ ၁ဝ မိနစ်ကြာပါစေ။ ကလေးဖြစ်ပါက အာရုံပြောင်းပေးပါ။ နှာခေါင်းကို ၂ ရက်တိုင် မထိခိုက်စေရန် သတိပေးပါ။ နှာခေါင်းအပေါ် ရေခဲတင်ပေးပါ။ ၁၅ မိနစ်အထိ မရပ်ပါက၊ ထိခိုက်မိ၍ ယိုခြင်းဖြစ်ပါက၊ ခဏခဏ ယိုပါက ဆရာဝန်ပြပါ။

သွားဖုံးသွေးယိုခြင်း
ဖြစ်စေသည့် အကြောင်းရင်းများ၊ မသန့်ရှင်းခြင်း၊ ထိခိုက်မိခြင်း၊ ရောင်ခြင်း၊ ဗီတာမင် (C)၊ (K)နည်းခြင်း၊ အစာပူပူ စားခြင်း၊ ဓါတုဆေးများကြောင့်ဖြစ်ခြင်း၊ Leukemia ခေါ် သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ရှိစဉ်တို့တွင် ဖြစ်တတ်သည်။

ကုသရန်။ ရေခဲဖြင့်ဖိပေးပါ။ ဆားထည့်ထားသည့် ရေခပ်နွေးနွေးဖြင့် တနေ့ ၂ ကြိမ်အုပ်ပေးပါ။ မရပ်ပါက ဆရာဝန်ပြပါ။ Aspirin မသောက်ရ။ ဗီတာမင် (C) သောက်ပါ။

ကာကွယ်ရန်။ ဆေးလိပ် မသောက်ရ။ ဆေးမငုံရ။ ကစီဓါတ်များသည့် အစားအစာ ရှောင်ပါ။ သွားပွတ်တံ မမာစေရ။ သွားသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

သွေးများများ ယိုထွက်ခြင်း ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။ မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ်ဖြင်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, Aplastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများကြောင့် ဖြစ်တတ်သည်။

ကုသရန် လူနာမကိုင်မီ မိမိ၏လက်ကို စဉ်ကြယ်အောင် ဆေးပါ။ လက်အိပ်စွပ်ပါ။ လူနာကို လှဲနေစေပါ။ ခြေရင်းပိုင်းအား မြှင့်ထားပါ။ သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။ မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။ သန့်ရှင်းသော အဝတ်စ၊ ပတ္တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို ၂ဝ မိနစ်ခန့် ဖိထားပါ။ မရပ်သေးပါက အရင်စီးထား သည့် ပတ္တီးကို မဖယ်ဘဲ အပေါ်က ထပ်စီးပါ၊ ပလာစတာကပ်ပါ။ သွေးစိုနေပါစေ မဖယ်ပါနှင့်။ လိုအပ်ပါက သွေးထွက်စေ သော သွေးလွှတ်ကြောအား ဖိပေးပါ။ ဥပမာ လက်ဆိုလျင် ဂျိုင်း၊ လက်မောင်း။ ခြေထောက်ဆိုလျင် ပေါင်ခြံ၊ ပေါင်။

မရပ်လျင်၊ နှာခေါင်း၊ နားတို့မှသွေးယိုလျင်၊ သွေးအန်လျင်၊ ချောင်းဆိုရာ သွေးပါလျင်၊ အတွင်းဒဏ်ရာ အထက်မှာ သွေးခြေဥ ဖြစ်လာလျင်၊ ဝမ်းဗိုက် တင်းလာလျင်၊ အရိုးကျိုးလျင်၊ (ရှော့ခ်)ရလျင်၊ ဆရာဝန်ပြပါ။

ရှောင်ရန်များ၊ လွဲသွားသော အင်္ဂါအစိတ်အပိုင်းတွေ့လျင် မဖယ်ရ။ မပြင်ရ။ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ဖုံးပေးပါ။ ဒဏ်ရာထဲက ပစ္စည်းများ ဖယ်မပြစ်ရ။
B for Bone အရိုး
Fracture အရိုးကျိုးခြင်း အမျိုးအစားများ၊
1. Closed fracture ကျိုးသည့်နေရာသည် ပိတ်နေခြင်း၊
2. Open fracture ကျိုးသည့်နေရာသည် အပြင်သို့ ပွင့်နေခြင်း၊
3. Complicated fractures ကျိုးယုံသာမက အခြားဒဏ်ရာများ ရှိနေခြင်း၊
4. Stress fracture ခဏခဏဖိအားခံရ၍ ဆံချည်မျှဉ်ကျိုးခြင်း၊
5. Greenstick fracture ကလေးများတွင်ဖြစ်တတ်သော သစ်စိမ်းချိုးကျိုးခြင်း၊ အရိုး၏တဖက်အနားက တဆက်တည်းရှိနေပြီး အခြားတဖက်ကသာ ကျိုးသွားသည်။

လက္ခဏာများ၊ နာကျင်ခြင်း၊ လှုပ်ရှားမှုခက်ခြင်း၊ မလှုပ်နိုင်ခြင်း၊ ရောင်ခြင်း၊ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း၊ ပုံပြာင်းခြင်း၊ ဖိလျင်-ထိလျင်နာခြင်း၊
ဆောင်ရွက်ရန်။ သွေးမထွက်အောင် လုပ်ပါ။ အနာဆေးထည့်ပါ။ အသက်ရှူမှု စစ်ဆေးပါ။ လူနာကို နှစ်သိမ့်ပါ။ တခြား ဒဏ်ရာ ရှိ-မရှိ စစ်ဆေးပါ။ ကျိုးသည့်အပိုင်းကို မလှုပ်ရှားအောင်လုပ်ပါ။ ရေခဲတင်ပေးပါ။ ဆရာဝန်ပြပါ။ နှိပ်မပေးရ။ ခြေထောက်-လက်ကျိုးလျင် ဆန့်ဆွဲမပေးရ။ အထိန်းမပါပဲ မရွေ့ရ။ အစားအစာ မပေးပါနှင့်။

Open Fracture အရိုးကျိုးခြင်းနှင့်အတူ အနာ(အပေါက်) ဖြစ်ခြင်း၊ အရိုးကို မြင်နေရခြင်း၊ ကျည်ဆံ၊ ဗုံးဆံဝင်နေခြင်း၊ ရောဂါပိုးဝင်တတ်၍ ဂရုစိုက်ကုသရမည်။ အရိုးကျိုးလျင် ကျိုးသည့်နေရာက အရိုး၏ အချွန်များကြောင့် ဘေးမှ (တစ်ရှူး) များ၊ သွေးကြောများ၊ အာရုံကြောများအား မထိခိုက်စေရန်၊ မလှုပ်နိုင်အောင် လုပ်ပေးရမည်။

အသုံးပြုနိုင်သည့် ပစ္စည်းများ
a. Splints (စပလင့်) ခေါ် သစ်သား၊ ဝါး၊ သံပြား၊ သံချောင်း၊ စာအုပ်၊ ဂျပ်ပြား၊
b. Padding ဂျက်ကက်၊ စောင်၊ သစ်ရွက်၊
c. Bandages ပတ္တီး၊ အဝတ်စ၊ စောင်စ၊
d. Slings အသိုင်း၊ သုံးထောင့်ပတ္တီး၊

ဆောင်ရွက်ရန်များ
ဒဏ်ရာအခြေအနေကို စစ်ဆေးပါ။ လေဝင်လမ်းကြောင်း၊ အသက်ရှူပုံ။ (ရှော့ခ်) ရှိ-မရှိ။ သွေးထွက်-မထွက်။ ကျိုးသည် ထင်သည့် နေရာကိုရှာပါ။ အသက်အန္တရာယ်မမြင်ဘဲ ကျောရိုး၊ လည်ပင်ရိုး ကျိုးသည်ထင်ပါက နေရာက မရွေ့ရ။ တင်းကြပ်နေသည့် အဝတ်များ လျော့ပေးပါ။ လက်ဝတ်လက်စားများ လိုအပ်လျင် ချွတ်ပေးပါ။ အသုံးပြုနိုင်သည့် ပစ္စည်းများ ရှာပါ။ အကောင်းဆုံးဖြင့် ကြပ်စည်းပေးပါ။ စည်းပေးပြီး ၄င်းနေရာ၏ အောက်၌ သွေးစီးဆင်းမှုကို စစ်ဆေးပါ။ လိုအပ်လျင် တင်းတင်းစည်းထားသည်ကို လျော့ပေးပါ။ အရောင်၊ အပူချိန် စစ်ပါ။ ထုံနေ-မနေမေးပါ။ ပွင့်ထွက်ပြီး ကျိုးလျင် အရိုးကို ပြန်သွင်းဘို့ မကျိုးစားရ။ အနာကို ဖုံးပေးပါ။ ပုံသဏ္ဌာန် ပြောင်းသွားသည်ကို ပြန်မပြင်ပါနှင့်။ ခြေထောက်၏ ဘေးနှစ်ဖက်က ကြပ်စီးပါ။ ကျိုးသည့်နေရာ၏ အထက်နှင့်အောက်အထိ ရောက်ပါစေ။ ငြိမ်အောင် ကျိုးသည့်နေရာ၏ အထက်နှင့် အောက်က စီးပါ။ အထုံးသည် အနာပေါ် မထားရ။ လိုအပ်လျင် အသိုင်းလုပ်ပေးပါ။

သုံးထောင့်ပတ္တီးစည်းနည်းအမျိုးမျိုး
Dislocation အဆစ်လွဲခြင်း
အဆစ်ကို ဖုံးထားသည့် အိတ်ထဲမှ အရိုးက ထွက်သွားခြင်း၊ ပုံသဏ္ဌာန်ပြောင်းမည်။ အဆစ်အလုပ် မလုပ်နိုင်တော့။ နာမည်။ ဖိလျင်နာမည်။ လှုပ်မရ။ ရောင်မည်။ အရောင်ပြောင်းမည်။ အကူအညီရှာပါ။ ပြန်တည့်အောင်မကြိုးစားပါနှင့်။ သွေးထွက် မထွက်ကြည့်ပါ။ ရေခဲတင်ပေးပါ။ အပြင်ကအနာရှိက သန့်ရှင်း ဆေးထည့်ပေးပါ။ အသိုင်း၊ အောက်ခံပြား လုပ်ပေးပါ။ ခြေထောက်ကို မြှောက်ထားပါ။ စောင်ခြုံပေးပါ။ အသက်မရှူပါက CPR (စီပီအာရ်) လုပ်ပါ။

Anaphylaxis (အနာဖလက်ဆစ်) ခေါ် တခုခုနှင့်မတည့်သည့်အခါ အဆိုးဝါးဆုံးဖြစ်စဉ် Shock (ရှော့ခ်)

ရုတ်တရက် ပြင်းပြင်းထန်ထန် (အလာဂျီ)ခေါ် တခုခုနှင့်မတည့်၍ ဖြစ်လာသောလက္ခဏာများသည် ခန္ဓာကိုယ်အတွင်း နေရာများစွာ၌ တပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အချို့တွင် သာမန်မျှ နေမထိထိုင်မသာဖြစ်သော်လည်း။ ဆိုးဝါးလွန်းပါက သေစေနိုင်သည်။ ထိုးဆေးကြောင့်၎င်း၊ တခုခု စားမိ၍၄င်း သွေးထဲရောက်သွားလျင် ဖြစ်နိုင်သည်။ အရပြား၊ အဆုပ်၊ နှာခေါင်း၊ သွေး၊ အစာလမ်းကြောင်းထဲတွင် စက္ကန့်ပိုင်းဖြစ်စေ၊ မိနစ်ပိုင်းဖြစ်စေ လက္ခဏာများ ပေါ်လာ သည်။ အရေပြားပူနွေးလာသည်၊ နီရဲလာသည်၊ စိတ်ကစိုးရိမ်လာသည်၊ နှလုံးခုန်နှုန်း မြန်လာသည်၊ လည်ပင်း၊ လျာရောင် သဖြင့် အသံသြလာသည်၊ အမြိုရခက်လာသည်၊ အသက်ရှူရ ခက်လာသည်၊ နှာရည်ယို၊ နှာခြေ၊ ပန်းနာကဲ့သို့ အသက်ရှူ ကြပ်လာသည်။ အန်၊ ပျို့၊ ဗိုက်အောင့်၊ ဆီး-ဝမ်းသွားချင်လာမည်၊ သွေးဖိအားကျမည်၊ သတိလစ်မည်။ Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်း ဖြစ်မည်။

ဖြစ်စေသည့်အကြောင်းများ၊ ဆေးဝါးများ၊ အင်းဆက်ပိုး ကိုက်ခံရခြင်း၊ အစားအစာများ၊ ကာကွယ်ဆေးများ၊ ဟော်မုန်းများ၊ ပစ္စည်းများ၊ တိရစ္ဆာန်-လူ ပရိုတင်းများ၊ တာရှည်ခံစေရန် သုံးသည့်ဆေးများ၊ ရုပ်ပိုင်းထိတွေ့မှုများ၊

ကုသနည်း။ Epinephrine (Adrenaline) ထိုးပေးပါ။ ၄င်းသည် သွေးလွှတ်ကြောအား ကျဉ်းစေသည်။ အရည်ထွက်ခြင်းကို တားသည်။ အသက်ရှူပြွန် ကျယ်လာစေသည်။ ဆေးကို တင်ပါး၊ လက်မောင်း၊ ပေါင်မှာ ချက်ချင်း ထိုးပေးပါ။ ထိုးသည့် နေရာအား ပွတ်ပေးပါ။ အဝတ်အစားချွတ်ရန် ကြာနေမည် ဆိုပါက အဝတ်ပါးပါးအပေါ်မှ (သန့်ရှင်းလျင်) ဆေးထိုးအပ်စိုက် ထိုးနိုင်သည်။ Injection Epinephrine 0.05ml to 0.5ml IM

Epinephrine သည် နှလုံးခုန် မြန်မည်။ နှလုံးရောဂါအကြီးအကျယ်မရှိပါက ပေးနိုင်သည်။

၁ဝ% သောလူနာတို့ ၄-၁၂ နာရီ အကြာပြန်ဖြစ်မည်။ သို့မဟုတ် ရောဂါ လက္ခဏာများကျန်ကာ ဆက်ဖြစ်နေမည်။ 10-15 မိနစ်အထိ ဆက်ဖြစ်နေပါက နောက်ထပ် ထပ်ထိုးပါ။

အောက်စီဂျင် ပေးရန်လိုချင်လိုမည်။ သွေးကြောထဲ Drip သွင်းထားခြင်းတို့ လိုအပ်နိုင်သည်။ Antihistamines (အင်တီ-ဟစ်တမင်း) Corticosteroids (ကော်တီကိုစတီရွိုက်) တို့လည်း လိုနိုင်သည်။

အဆိပ်ပါသည့် အကောင် အကိုက်ခံရပါက ၄င်းနေရာ၏ အထက်၌ ကြိုးစီးပေးပါ။ ၁ဝ မိနစ်တခါ ဖြည်ပေးပါ။ လူနာသည် သတိကောင်းပါက ခြေထောက်မြှောက်၍ အိပ်လျက် ထားပါ။ အသက်ရှူရပ်ပါက CPR လုပ်ပါ။

Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်း၊
အပြင်းအထံ အသက်ရှူကြပ်ခြင်း၊ ရေနစ်သလိုခံစားခြင်း၊ အသက်ရှူမဝဖြစ်ကာ ရွှီ-ရွှီအသံထွက်ခြင်း၊ စိုးရိမ်-ကြောင်လန့်-ဂနာမငြိမ်ဖြစ်ခြင်း၊ ခြောင်းဆိုးရာ၌ အမြှုပ်နှင့် သွေးတို့ပါလာခြင်း၊ ချွေး အလွန်ထွက်ခြင်း၊ အရေပြား ဖြူရော်လာခြင်း၊ ရင်ဘတ်နာခြင်း၊

ကုသနည်း။ Furosemide (Lasix) 0.5 to 1 ml အား IM သို့မဟုတ် IV ထိုးပေးရမည်။ ၂ နာရီ ၃ နာရီခြား ထပ်ပေးဘို့ လိုနိုင်သည်။ ကိုယ်ထဲမှ အရည်များကို လျင်မြန်စွာ ထုတ်ပြစ်သောကြောင့် အဆုပ်ရောင်ခြင်းကို သက်သာစေသည်။

မှားနိုင်သောရောဂါ၊ Finting ခေါ် သတိလက်လွတ်ဖြစ်ခြင်း၊ သို့သော် သွေးခုန်နှုန်းနှေးမည်။ အေးစက်နေမည်။ ဖြူဖတ် ဖြူရော်ဖြစ်နေမည်။ အသက်ရှူမကြပ်။

Fainting (ဖိန့်) ခေါ် ယုတ်တရက် သတိလစ်သွားခြင်း
ဦးနှောက်သို့ သွေးမရောက်သည့်အခါမျိုးတွင် ဖြစ်သည်။ ခဏသာဖြစ်သည်။ ပြန်သက်သာသွားမည်။ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ ဒေါသကြီးခြင်း၊ အပြင်းအထံနာကျင်ခြင်း၊ အစားမစားမိခြင်း၊ အကြာကြီး မတ်တပ်ရပ်နေရခြင်း၊ ဆေးဝါးများ၊ ဆီးချိုးရောဂါ၊ သွေးတိုးခြင်း၊ သတိလစ်သွားခြင်း မဖြစ်မီ ပျို့-အန်-မူးဝေခြင်း ဖြစ်တတ်သည်။ မျက်စိပြာ သွားတတ်သည်။ ချွေးပြန်မည်။ နှလုံးခုံမြန်မည်။ ရင်တုန်မည်။
ပက်လက်လှဲနေခိုင်းပါ။ လူနာကို ဒူးနှစ်လုံးကြားခေါင်းထာ၍ ထိုင်ခိုင်းပါ။ အသက်ရှူလမ်း စစ်ဆေးပါ။ အဝတ်အစားများ တင်းကြပ်မနေစရ။ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။ လက်ကောက်ဝတ် သွေးခုန်နေခြင်းကို စမ်းကြည့်ပါ။ အသက်မရှူ-သွေးမခုန်ပါက ချက်ချင်း CPR (စီပီအာရ်) လုပ်ပေးပါ။

Burns မီးလောင်ခံရခြင်း
အရည်ပူ၊ ဆီပူ၊ အပူငွေ့၊ မီး၊ လျှပ်စစ်၊ ဓါတ်ရောင်ခြည်၊ ဓါတုပစ္စည်းများ၊ ပဌမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်၊ ၃ မျိုး ခွဲထားသည်။ တစ်ရှူးအား မည်မျှထိခိုက်သနည်း စစ်ဆေးပါ၊ လက်၊ မျက်နှာ၊ တင်ပဆုံဝန်းကျင်၊ အဆစ်တို့ဖြစ်ပါက အရေးကြီး။

ပဌမဆင့်။ အပေါ်ယံဖြစ်၊ ရောင်မည်၊ နီမည်၊ နာမည်၊ အရည်ကြည်အဖု blisters မထွက်၊ နေရာအားဖိကြည့်ပါက ဖြူသွားမည်။ ၃-၆ ရက်အတွင်း ပျောက်မည်။

ကုသရန်။ အပူလောင်စေသည့်အရာကို ဖယ်ထုတ်ပါ။ မီးလောင်နေသည့်အဝတ်များ ဖယ်ပြစ်ပါ။ ရေအေးအေး လောင်း ပေးပါ။ ခပ်ဖေါ့ဖေါ့ သန့်ရှင်းပေးပါ။ ခြောက်သွားအောင်လုပ်ပါ။ ပိုးသန့်ဆေးတမျိုးမျိုး ထည့်ပါ။ ပိုးသန့်ထားသည့် ပတ္တီး စည်းပေးပါ။ ATT မေးခိုင်ကာကွယ်ဆေးထိုးပါ။

ဒုတိယဆင့်။ အရေပြားအပေါ်ယံမကထိုခိုက်သည်။ ရောင်မည်၊ နီမည်၊ နာမည်၊ ထိလိုက်ပါကဖြူသွားမည်။ အရည်ကြည် အဖု blisters ထွက်မည်။ အနာရွတ်ကျန်ရစ်မည်။ အဆစ်၌ဖြစ်ပါက မလှုပ်နိုင်ဖြစ်မည်။ အရည်-ဆားဓါတ်နည်းမည်။ ပျောက်ချိန်ကြာမည်။

ကုသရန်။ သန့်ရှင်းပေးပါ။ ညင်ညင်သာသာ ခြောက်သွေ့ပေးပါ။ ပိုးသန့်ဆေးလိမ်းပါ။ လူနာကို လှဲနေစေပါ။ ဖြစ်သည့် နေရာကို အထက် မြှင့်ထားပါ။ အရေပြား အစားထိုးရနိုင်သည်။ အဆစ်လှုပ်ရှားမှုအတွက် Physical therapy လိုနိုင်သည်။ အဆစ် မလှုပ်စေရန် ကြပ်စီးပေးဘို့ လိုနိုင်သည်။ ဆေးရုံတင်ရန်လိုနိုင်သည်။

တတိယဆင့်။ အရေပြားတလွှာလုံး (၃ ထပ်) ထိခိုက်မည်။ ချွေးထွက်အိပ်များ၊ ဆံပင်မွှေးအိပ်များ ပျက်စီးစေမည်။ အာရုံကြောများ ပျက်စီးသွား၍ နာတော့မည် မဟုတ်၊ ဖိကြည့်ပါက ဖြူသွားမည်မဟုတ်။ အရည်ကြည်အဖု Blister မထွက်၊ ရောင်မည်။ သားရေပြားလို ဖြစ်သွားမည်။ အရောင် ပြောင်းမည်။ အနာရွတ်ကျန်ရစ်မည်။ သွေးအသွားအလာ ပျက်စီးမည်။ အရည်-ဆားဓါတ်နည်းမည်။ (ရှော့ခ်) ရနိုင်သည်။ ပုံသဏ္ဌာန် ပျက်စီးသွားမည်။ မျက်နှာပြင် ၆ဝ% ဖြစ်လျင် သေနိုင်သည်။
ကုသရန်။ ရေအေးလောင်းပေးရန်၊ ဆေးရုံတင်ရန်၊ ရေ၊ ဆားနည်းသည်ကို သွေးကြောမှသွင်းရန်၊ အောက်စီဂျင်ပေးရန်၊ ခွဲစိတ်ပြုပြင်ရန်လိုနိုင်၊ အာဟာရဓါတ်ဖြည့်ရန်၊ စောင့်ကြည့်ရန်၊ စိတ်ပိုင်းကုသမှုလုပ်ပေးရန်။

ထိခိုက်ဒဏ်ရာရခြင်းများ အရေပြားအား သာမန်ရှခြင်း၊ ကုတ်မိခြင်း၊ ကုသရန်မလိုနိုင်။ ပိုးမဝင်အောင် လုပ်ပေးရမည်။ အနာကို ရေသန့်သန့်ဖြင့် သန့်ရှင်းပေးပါ။ ဆပ်ပြာကိုအမြဲသုံးရန်မလို။ သွေးယိုနေပါက ဖိပေးပါ ၁ဝ မိနစ်အတွင်း ရပ်မည်။ အနာထဲဝင်နေသည့် ပစ္စည်းများ ရှင်းထုတ်ပါ။ ပတ္တီးစီးရမည်။ ဆေးကို နေ့တိုင်းထည့်ရမည်။ အနာက အထဲနက်ပါက သွေးပိုထွက်မည်။ အရေပြားအောက်ထိ ထိခိုက်လျင် ချုပ်ပေးရန်လိုနိုင်သည်။ မေးခိုင်ကာကွယ်ဆေး ထိုးရန်လိုသည်။ ပြည်တည်နိုင်သည်။ ဖျားနိုင်သည်။ အနာထဲ နက်ဝင်နေသည့် ပစ္စည်းများကို ကြိုးစား၍ဖယ်မပြစ်ရ။ ဒဏ်ရာကျယ်ပါက။ သွေးထွက်များပါက။ အနာရွတ် မကြီးစေလိုပါက။ မြန်မြန်ကျင်စေလိုပါက ချုပ်ပေးရန်လိုသည်။ တိရစ္ဆာန်-လူကိုက်ခံရပါက အနာကို ချက်ချင်း မချုပ်ရ။ ညစ်ပေနေသော အနာ ဒဏ်ရာကိုလည်း ချက်ချင်း မချုပ်ရ။ အနာ ကောင်းစွာကျက်ပြီးနောက် အနာသစ်လုပ်ကာ ချုပ်ပေးနိုင်သည်။ အထဲသို့ စူးဝင်သော ဒဏ်ရာများအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးရမည်။

ပိုးသန့်ခြင်း Sterilization
နေ့စဉ် ပတ်ဝန်းကျင် နှင့် ကိုယ်ခန္ဓာသန့်ရှင်းရေးအပြင် ဆေးကုသရာတွင် အထူးသန့်ရှင်းရေးလုပ်ရန် လိုအပ်သည်။ Mask နှာခေါင်းစည်း တပ်ဆင်ခြင်းသည် မိမိအား ကာကွယ်ရန်နှင့် တပါးသူအား ကာကွယ်ရန်တို့အတွက် ဖြစ်သည်။ လက်ကို ဆပ်ပြာဖြင့် ဆေးပါ။ သင့်လျော်သော Brush ဖြင့် အပြန်အလှန်တိုက်ပါ။ အထက်မှအောက်သို့ ကျနေသည့် ရေဖြင့်ဆေးပါ။ လက်အိတ်စွပ်ရခြင်းမှာလည်း မိမိအား သွေးမှတဆင့် ကူးစက်မည့် ရောဂါပိုးများမှ ကာကွယ်ရန် အတွက်နှင့် တပါးသူအား ပိုးမွှားမဝင်စေရန်အတွက် ဖြစ်သည်။

Antiseptic ဆိုသည်မှာ သက်ရှိတစ်ရှူး၊ အရေပြားတို့အား Infection ရောဂါပိုးဝင်ခြင်း၊ Sepsis အနာရင်းခြင်း၊ Putrefaction ပုတ်ခြင်းတို့ မဖြစ်စေရန် လုပ်ခြင်းဖြစ်သည်။ ပိုမွှားများကိုနိုင်သည့် Antimicrobial substances ဆေးများ သုံးရသည်။ အချို့ Antiseptic က ပိုးများကို သတ်ပြစ်နိုင်ပြီး အချို့ တားဆီးနိုင်သည်။ Antibiotics ခေါ် ပဋိဇီဝဆေးများ သည် (လင့်ဖ်စနစ်)ထဲအထိရောက်စေပြီး၊ ပိုးမွှားများကို သတ်ပြစ်နိုင်ကြသည်။ Disinfectants တို့သည် သက်မဲ့ မျက်နှာပြင် ပေါ်ရှိ ပိုးမွှားများကို သတ်ပြစ်နိုင်သည်။ Antibacterials တို့သည်လည်း ဗက်တီးရီးယား များကိုနိုင်သော Antiseptic များ ဖြစ်ကြသည်။ Microbicides တို့သည် ဗိုင်းရပ်စ်ကို နိုင်ကြသည်။

အသုံးများသော Antiseptic များ။ Alcohol အရက်၊ Ethanol (60–90%) ကို ဆေးရုံ-ဆေးခန်းသုံး Surgical alcohol ဟု ခေါ်သည်။ ဆေးမထိုးမီ အရေပြားကို သန့်ရှင်းပေးနိုင်သည်။ Iodine, Chlorhexidine 0.2-4.0% ကို အနာမခွဲစိတ်မီ သုံးသည်။ Hydrogen peroxide 3-6% ကို အနာများ သန့်ရှင်းရန်သုံးသည်။ Iodine ကို Alcohol နှင့်ရော၍ 2% ကို ခွဲစိတ်ခြင်းမပြုမီ သုံးသည်။ Povidine သည် ရေနှင့်စပ်ထားသော Iodine 10% ဖြစ်ပြီး ပိုကောင်းသည်။ Dettol သည် အသုံးများ Antiseptic ဖြစ်သည်။ Phenol (carbolic acid) သည် germicidal ဖြစ်သည်။ Sodium chloride ဆားရည်ကို ပါးစပ်ဆေးရန် သုံးသည်။

Antiseptic 1-2-3 = (၁) ဆပ်ပြာနှင့်ရေ၊ (၂) Alcohol, Ethanol အရက်ပြန်၊ (၃) Povidine (Iodine) အိုင်အိုဒင်း၊

Fever အဖျား
အဖျားသည် ရောဂါမဟုတ်၊ လက္ခဏာသာဖြစ်သည်။ ရာသီဥတုပူလွန်းခြင်း၊ ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ဝင်ခြင်း၊ နေပူထဲ အကြာကြီးနေခြင်း၊ (အလာဂျီ) ခေါ် တခုခုနှင့်မတည့်ခြင်း၊ မျက်နှာနီမြန်းလာသည်။ အစားပျက်သည်။ ပျို့-အန်ချင်မည်။ ခေါင်း-ကိုယ်-လက် ကိုက်ခဲမည်။ ဝမ်းပျက်နိုင်သည်။ စိတ်ဂရောင်ခြောက်ခြား ဖြစ်နိုင်သည်။ တက်နိုင်သည်။

အပူချိန်တိုင်းပါ။ 370C or 98.60F ပုံမှန်ကိုယ်အပူချိန်။ 98.80F to 100.80F = သာမန်အဖျား။ 1010F to 1030F = အလတ်စားအဖျား။ 1040F and above = High fever အပြင်းဖျား။ အဝတ်အစား အပိုများ ဖယ်ပြစ်ပါ။ အေးသောနေရာ ထားပါ။ ရေအေး-ရေခဲတင်ပေးပါ။ ရေ-အရည် များများတိုက်ပါ။ အဖျားကျဆေး Acetaminophen /Paracetamol တိုက်ပါ။ ချမ်းမနေပါက စောင်မခြုံရ။

Gastric problems အစာအိမ်ပြဿနာ
အစာအိမ် သို့မဟုတ် အစာမြိုပြွန်ကဖြစ်ရသည်။ ယင်းတို့တွင် အတွင်းကဖုံးထားသည့်အလွှာမှ စစ်ထုတ်ရည်များ ပို၍ ထွက်ကာ အာရုံကြောများအား ထိခိုက်၍ နာခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာသည်။ ရက်တိုတိုအတွင်း ဖြစ်ခြင်းနှင့် နာတာရှည်ဖြစ်ခြင်း ၂ မျိုးရှိသည်။ စိတ်-ရုပ် ဖိအား-တင်းအားများ၍၄င်း၊ အက်စစ်များသည့် အစာစား၍၄င်း၊ အရက်၊ ဆေးလိပ်၊ ဆေးဝါးတချို့ကြောင့်၎င်း ဖြစ်တတ်သည်။ ဖြစ်လျင် နာမည်၊ အောင့်မည်၊ ပျို့-အန်မည်၊ ဝမ်းပျက်မည်၊ အစားပျက်မည်။

အစားကို မအိပ်မီ အများကြီးမစားရ။ အပူ-အစပ်-အဆီလျော့စားပါ။ အက်စစ်ဓါတ်ပျယ်ဆေးကို ဆောင်ထားပါ။ (Aluminum carbonate, Aluminum hydroxide, Calcium carbonate, Magnesium aluminosilicate, Magnesium carbonate, Magnesium trisilicate, Sodium bicarbonate)

Gastroenteritis (GE) အစာလမ်းကြောင်းရောင်၍ ဝမ်းပျက်ခြင်း
အစာလမ်းကြောင်း (အစာအိမ်-အူသိမ်)ရောင်၍ အရွယ်မရွေး-အချိန်မရွေး ဝမ်းပျက်ခြင်း၊ ကလေးဖြစ်ပါက ပိုဆိုးသည်။ အစားအစာထဲ (ဗက်တီးရီးယား-ဗိုင်းရပ်စ်)ပါ၍ ဖြစ်ရသည်။ အစားအစာ အမျိုးအစား ပြောင်းလျင်လဲ ဖြစ်တတ်သည်။ စိတ်ဖိစီးမှုများ၍လဲ ဖြစ်တတ်သည်။ ဆေးဝါးကြောင့်လဲဖြစ်တတ်သည်။ ပျို့-အန်နိုင်သည်။ ကြွက်သားတွေ နာတတ်သည်။ ရေ-ဆားနည်းမည်။ အားယုတ်မည်၊ အနည်းငယ်ဖျားမည်၊ ချမ်းတတ်သည်။ အနားယူပါ။ ရေ-အရည် များများသောက်ပါ။ ကျေလွယ်သောအစားကို စားပါ။ နွားနို့နှင့်နို့ထွက်အစားများ ရှောင်ပါ။ ဓါတ်ဆားရေ ORS တိုက်ပါ။ Acetaminophen, Aspirin မတိုက်ရ။ တခါတရံ ပဋိဇီဝဆေး လိုတတ်သည်။ အအန်ရပ်ဆေး လိုတတ်သည်။

Insect Bites and Stings အင်းဆက်-အဆိပ်ပါသည့်အကောင် ကိုက်ခြင်း
သာမန်အားဖြင့်မဆိုးပါ။ ဆိုးလျင် (ရှော့ခ်)ရတတ်သည်။ နာမည်-ယားမည်၊ နီမြန်းမည်၊ ရောင်မည်၊ ထုံမည်၊ ပူလောင်မည်၊ ကျင်မည်၊ အသက်ရှူခက်မည်၊ အားယုတ်မည်။ အဆိပ်ပါသည့်အစွယ်ကို နုတ်ပြစ်ပါ။ ဆပ်ပြာ-ရေဖြင့် ဆေးကြောပါ။ ရေခဲ တင်ပေးပါ။ ၁ဝ မိနစ်တခါ လုပ်ပေးပါ။ အယားသက်သောဆေး (Calamine) လိမ်းပေးပါ။ (အင်တီ-ဟစ်တမင်း) ဆေး ပေးပါ။ လူနာကို နှစ်သိမ့်ပေးပါ။ အသက်ရှူမှုစစ်ဆေးပါ။ အဝတ်အစားများတင်းကြပ်မနေစရ။ (ရှော့ခ်) ဖြစ်လျင်ကုပါ။ လိုအပ်လျင် CPR (စီပီအာရ်) လုပ်ပါ။

Head Injury ဦးခေါင်းဒဏ်ရာရခြင်း

ဦးခေါင်း၏အရိုးခွံနှင့် ဦးနှောက်ကို ထိခိုက်နိုင်သည်။ သာမန်အဆင့်မှ ဆိုးဝါးသည့်အဆင့်ထိ ဖြစ်နိုင်သည်။ ပွင့်ထွက်သည့် ဒဏ်ရာ သို့မဟုတ် ပိတ်နေသည့်ဒဏ်ရာ၂ မျိုးရှိသည်။ ချွန်ထက်သည့် လက်နက် သို့မဟုတ် တုံးသည့် ပစ္စည်း-လက်နက် ကြောင့်ဖြစ်ရသည်။ ခဏ သို့မဟုတ် ကြာကြာ (Coma) သတိမေ့ခြင်။ သွေးယိုခြင်း၊ အန်ခြင်း၊ နှာခေါင်းထဲက အရည်-သွေးထွက်ခြင်း၊ မျက်စိအမြင်-နားအကြား-လျာအရသာ ထိခိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ တက်ခြင်း၊ ခြေ-လက်-ကိုယ် မလှုပ်နိုင်တော့ခြင်း (လေဖြတ်ခြင်း)၊ စိတ်အနေအထားမမှန်ခြင်း၊

ထိခိုက်ရာအား ရေခဲတင်ပါ။ အရွယ်အစားသည် ထိခိုက်မှုနှင့် တူချင်မှတူမည်ကို သတိထားပါ။ သွေးထွက်ခြင်းရှိ-မရှိ စစ်ဆေးပါ။ သွေးထွက်လျင် ဖိထားပေးပါ။ နှလုံးခုန်မှု-အသက်ရှူးမှု စစ်ဆေးပါ။ လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ အန်လျင်၊ သတိလစ်လျင် ကိုယ်တဖက် စောင်းထားပေးပါ။ မအန်ပါက လူနာကို တည့်တည့် အနေအထား အိပ်စေပါ။ မလှုပ်ရှားစေရ။ ယုတ်တရက် (ဟဲလမက်) မချွတ်ရ။ ကလေးကို ယုတ်တရက် ကောက်မချီရ။ အရက်-မူးစေသည့်ဆေး မပေးရ။ ခေါင်းအုန်းမြင့်မြင့်နှင့် အိပ်စေပါ။ ၂၄ နာရီစောင့်ကြည့်ရမည်။ အန်သလား။ သတိမကောင်းဖြစ်သလား။ နား။ နှာခေါင်းထဲက သွေးယိုသလား။ တက်သလား။

Poisoning အဆိပ်သင့်ခြင်း

အဆိပ်အမျိုးမျိုးရှိသည်။ စားဆေး၊ ထိုးဆေး၊ အစားအစာ၊ ဓါတ်ငွေ့။ လူနာသည် အကြောင်မသိ နေမကောင်းလျင်လဲ သံသယရှိပါ။ ဆေးဝါးလွန်လျင်လဲဖြစ်တတ်သည်။ အလုပ်စခန်းကလဲ ဖြစ်တတ်သည်။ (အင်းဆက်) ကောင်ကိုက်၍လဲ ဖြစ်နိုင်သည်။

လက္ခဏာများ နုပ်ခမ်းပြာခြင်း၊ အရေပြားတွင် အနီပြင်-အဖု-အပိန့်ထွက်ခြင်း၊ အသက်ရှူခက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့-အန်ခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်ခြင်း၊ မျက်စိက ၂ ခုမြင်ခြင်း၊ ရင်ဘတ်-ဝမ်းဗိုက်နာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားလှုပ်ခြင်း၊ တက်ခြင်း၊ အားယုတ်ခြင်း၊ သတိမေ့ခြင်း၊

ကုသရန်။ ဘယ်အဆိပ်ဆိုသည်ကို စူးစမ်းပါ။ ဗိုက်ထဲဝင်သည့် အဆိပ်ကို ထုတ်ပြစ်ရန် တမင်တကာ အန်အောင် လုပ်ပါ။ အန်ဖတ်များ အရေပြားပေါ်ကျလျင် ဆေးပြစ်ပါ။ တက်နေလျင် ဒဏ်ရာထပ်မရအောင် လုပ်ပေးပါ။ လေကောင်းလေသန့် ဝင်အောင် လုပ်ပါ။ မိမိကလေကိုတဝကြီးရှူပြီးမှ အဆိပ်ငွေ့ သင့်သူအား ကယ်ထုတ်ပါ။ မီးခြစ်မသုံးရ။ လိုအပ်လျင် CPR (စီပီအာရ်) လုပ်ပါ။ သတိလစ်နေသူကို ပါးစပ်က မပေးရ။
ရေနံဆီ။ ဓါတ်ဆီ သောက်ခြင်း။ အန်အောင်မလုပ်ရ။ ကြက်ဥအကာ ပေးနိုင်သည်။
(မာလာသေယွန်)၊ (အင်ဒရင်း) ဆေး သောက်သူများအား (Atropine) ထိုးဆေး များများပေးရသည်။
မြွေကိုက်ခြင်း။ Cobra, Viper မြွေအမျိုးအစားအလိုက် မြွေဆိပ်ဖြေဆေးပေးရမည်။

Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း

လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျင် လဲကျမည်။ ကြွက်သားတွေ ဆွဲဆန့်ခံရမည်။ တက်မည်။ ရေ-ဆားခန်းခြောက်မည်။ အပူလောင်ခံရမည်။ ကျုးပဲ့မည်။ သွေးခဲသွားမည်။ (တစ်ရှူး)များ ပျက်စီးမည်။ အသက်ရှူး-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။ ထိုသို့ဖြစ်လျင် လူနာကို တိုက်ရိုက်ဆွဲထုတ်ဘို့ မကြိုးစားရ။ မီးခလုပ်ပိတ်ပါ။ လျှပ်စစ်ဓါတ် မလိုက်နိုင်သာ တုတ်စသည်ဖြင့် ဖယ်ရှားပြစ်ပါ။ လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊ လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ မီးလောင်နာကို ကုပေးပါ

0 comments: