Physiology (ဇီဝကမ္မဗေဒ) ခန္ဓာကိုယ်အလုပ်များနှင့် သက်ရှိဖြစ်စဉ်

7:10 PM Posted In Edit This 0 Comments »
Brain ဦးနှောက်
(ဇီဝကမ္မ = အသက်၏အလုပ်) ခန္ဓာကိုယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအလုပ်တို့ ပါဝင်သည်။ အသက်ရှင် ရပ်တည်ရေးအတွက် (ဆဲလ်) များစွာတို့က Homeostasis (ဟိုမီယိုစတေးဆစ်) ခေါ် သမမျှတမှုဖြစ်စေရန် မရပ်မနားလှုပ်ရှားနေသည့် အမျိုးမျိုး သောလုပ်ငန်းများ လုပ်ဆောင်ကြရသည်။ ပတ်ဝန်းကျင်အခြေအနေ၊ (ဆဲလ်) များနှင့် ပတ်ဝန်းကျင်အတွင်းရှိသည့် ပစ္စည်း တို့၏ အပြောင်းအလဲများ၊ အစာကြေချက်ခြင်း စသည်တို့အား စုစည်း၊ ဆက်စပ်နေသည့် အလုပ်ကြီးပင်ဖြစ်သည်။

ခန္ဓာကိုယ်၏ လုပ်ငန်းများ လုပ်ဆောင်နိုင်မှုသည် အသက်အရွယ်နှင့်အတူ ပြောင်းလဲနေသည်။ ယေဘူယျအားဖြင့် ငယ်လွန်း၊ ကြီးလွန်းချိန်များတွင် နည်းနည်းသာလုပ်နိုင်သည်။ သက်ရှိတို့နှင့် သက်မဲ့တို့၏ ကွာခြားချက်မှာ ဖွဲ့စည်းထားပုံ၊ ဇီဝဖြစ်စဉ်၊ တုံ့ပြန်နိုင်စွမ်း၊ လှုပ်ရှားနိုင်မှု၊ မျိုးပွားနိုင်ခြင်းတို့ဖြစ်သည်။ လူသည် အရှုတ်ထွေးဆုံးသော သတ္တဝါဖြစ်ရာ ထူးခြားစွာ လုပ်နိုင်စွမ်းရှိသည်။ ကြီးထွားခြင်း၊ အသက်ရှူခြင်း၊ အစာခြေခြင်း၊ စွန့်ထုတ်ခြင်း အလုပ်များသည် တခုနှင့်တခု အဆက်အစပ်ရှိရှိ လုပ်ဆောင်နေကြပေသည်။

ဇီဝကမ္မအလုပ် (၁ဝ) မျိုး
၁) Organization ဖွဲ့စည်းထားပုံ = အားလုံးသော ဖွဲ့စည်းထားပုံ အဆင့်ဆင့်သည် အလုပ်ခွဲခြား ဆောင်ရွက်ကြသည်။
၂) Metabolism ဇီဝဖြစ်စဉ် = အားလုံးသော ဇီဝဖြစ်စဉ်များသည် ဓါတ်ပစ္စည်းများ ပြောင်းလဲခြင်းဖြစ်သည်။
၃) Responsiveness တုံ့ပြန်နိုင်စွမ်း = အတွင်း-အပြင်ပတ်ဝန်းကျင်တို့ပြောင်းလဲနေမှုများကိုလိုက်လျောညီထွေစေသည်။
၎) Movement လှုပ်ရှားနိုင်မှု = ခန္ဓာကိုယ်အတွင်း လှုပ်ရှားမှုများစွာရှိသည်။ ဥပမာ သွေးသည် လှည့်လည်စီးဆင်း နေသည်။ (ဒိုင်ယာဖရမ်) ခေါ် ဝမ်းဗိုက်နှင့် ရင်ခေါင်းအား ခြားထားသည့် ကြွက်သားသည် အသက်ရှူတိုင်း လှုပ်ရှားနေ သည်။ (ဆဲလ်) အတွင်း၌ Molecule (မော်လီကြူး)များ တနေရာမှတနေရာသို့ ရွေ့နေသည်။ ကြွက်သားမျှဉ်များသည် ကြုံ့ခြင်း၊ ဆန့်ခြင်းဖြင့် လှုပ်ရှားမှုရှိနေသည်။ မှတ်ရန်။ (မော်လီကြူး)ဆိုသည်မှာ Atom (အက်တွန်)ခေါ် အနုမြူ ၁-၂ လုံး ပါနေသည့် အရာဝတ္တုတခု၏ အသေးဆုံးသော အစိတ်အပိုင်းကိုခေါ်သည်။ (အက်တွန်) ဆိုသည်မှာ မည်သည့် ဓါတ်ပစ္စည်းမဆို၏ ၄င်း၏ ဓါတ်သဘော အပြည့်ရှိသည့် အသေးဆုံးသော အစိတ်အပိုင်းဖြစ်သည်။
၅) Reproduction မျိုးပွားနိုင်ခြင်း = မိဘနှစ်ပါးက ကလေးမွေးဖွားနိုင်သည်။ (ဆဲလ်) တခုသည် သေသွား၍၄င်း၊ ပျက်စီး သွား၍၄င်း (ဆဲလ်) အသစ်ဖြစ်လာရသည်။ ယင်းတို့ကို မျိုးပွားနိုင်ခြင်းဟု ခေါ်သည်။
၆) Growth ကြီးထွားခြင်း = (ဆဲလ်) များ၏ အရွယ်အစား၊ အရေအတွက် တိုးလာသည်။ သေကျေသွားမှုထက် အသစ် ဖြစ်မှုက ပိုမြန်မှ ကြီးထွားမှု ဖြစ်နိုင်သည်။
၇) Differentiation မတူခြားနားမှုဖြစ်ခြင်း = သာမန်(ဆဲလ်)တခုမှ ထူးခြားသည့်(ဆဲလ်) တခုဖြစ်လာခြင်းကိုဆိုသည်။ Cell (ဆဲလ်)မှ Tisse (တစ်ရှူး)၊ ထိုမှ အဂ်ါအစိတ်အပိုင်း Organ (အော်ဂင်)တို့ ဖြစ်လာရသည်။
၈) Respiration အသက်ရှူခြင်း = လေကိုရှူသွင်းခြင်း၊ လေထဲမှ အောက်စီဂျင်ကို စုပ်ယူပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စွန့်ထုတ်ခြင်း၊ သွေးထဲသို့ ဓါတ်ငွေ့များသယ်ပို့ခြင်းတို့ ဖြစ်သည်။
၉) Digestion အစာခြေခြင်း = စားလိုက်သည့်အစာအား သွေးနှင့်ကိုယ်ထဲသို့ စုပ်ယူနိုင်စေသည့် ရိုးရိုး (မော်လီကြူး)များ အဖြစ်သို့ အဆင့်ဆင့် ပြောင်းပေးခြင်း၊ စုပ်ယူခြင်းဖြစ်သည်။
၁ဝ) Excretion စွန့်ထုတ်ခြင်း = ခန္ဓာကိုယ်မှ အစာခြေခြင်းနှင့် ဇီဝဖြစ်စဉ်တို့မှ မလိုသော ပစ္စည်းများအား စွန့်ထုတ်ခြင်း။

မှတ်ချက်။ ၄င်းဖြစ်စဉ်ပေါင်း (၁ဝ)မျိုးသာမက ရေ၊ အောက်စီဂျင်၊ အာဟာရ၊ အပူဓါတ်နှင့် ဖိအားတို့လည်းလိုအပ်သည်။

0 comments: